
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းတံတားအနောက်ဘက်မှာရှိတဲ့ ရွှေတောင်ဦးကုန်းပေါ် စစ်ဆေးရေးဂိတ်က ရဲတွေကို မြန်မာ့တော်ဝင်နဂါးတပ်တော် Myanmar's Royal Dragon ARMY (MRDA)အဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၄ ရက်နေ့၊ မနက် ၈ နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်များနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တာကြောင့် တော်လှန်ရေးရဲဘော်တယောက် ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ MRDA ဘဏ္ဍာရေးနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။
"အဲဒီ စစ်ဆေးရေးဂိတ်က လုံခြုံရေးအနေအထားကောင်းတော့ လက်နက်တွေတော့ မကောက်နိုင်ခဲ့ဘူး။ အဲစစ်ဆေးရေးဂိတ်နားမှာ ရဲကင်း ၂ ခုလည်းရှိတော့ ကားပေါ်ကနေပဲ ပစ်ခတ်ရှင်းလင်းခဲ့တာ။ မြေပြင်ကသတင်းပေးလို့ နေ့လယ်ပိုင်းမှာ ထိခိုက်သေဆုံး သတင်းကို အတည်ပြုနိုင်ခဲ့တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တယောက် ကျည်ထိမှန် ဒဏ်ရာရတယ်၊ စိုးရိမ်စရာတော့မရှိပါဘူးလို့" ဒီဗွီဘီကို ပြောပါတယ်
အဲဒီစစ်ဆေးရေးဂိတ်ဟာ မုံရွာကွန်ပြူတာတက္ကသိုလ်ရှေ့ စစ်ဆေးရေးဂိတ်နဲ့ သီတဂူဓမ္မရိပ်သာရှေ့က ရဲကင်း ၂ ခု၊ ရဲတပ်ရင်း အမှတ် ၂၈ နားမှဦ ရှိတာကြောင့် ဒီအရင်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာမရှိဘဲ ဒါဟာ ပထမမဆုံး တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း နဂါးတပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ ၁၊ ယက္ခညီနောင် ပြောက်ကျားတပ်ဖွဲ့နဲ့ Black Lion Force (Monywa)တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ကျော် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့သလို နဂါးတပ်တော်က စနိုက်ပါနဲ့ပစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်










