
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က နယ်မြေခံတပ်ရင်းကို PDF လူငယ် ၁၄ ယောက် လက်နက်တွေနဲ့အတူ ဇူလိုင်နောက်ဆုံးပတ်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အပေါ်မှာ လုံးဝမမှန်ဘူးလို့ ကျိုက်ထို သထုံ တော်လှန်ရေး အင်အားစုတွေဘက်က ငြင်းဆိုထားပါတယ်။
အလင်းဝင်ရောက်လာသူ လူငယ် ၁၄ ယောက်ဟာ RPG တလက်၊ ခွင်းကျည် တတောင့်၊ တင့်ဖျက်ကျည် တတောင့်၊ ပစ္စတိုတလက်နဲ့ ပစ္စတိုကျည်ဆံတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီကဝါဒဖြန့်ထားတာပါ။
သထုံ PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ “ဒီသတင်းက အမှားပါ။ ကျနော်တို့ တပ်မဟာက PDF ရဲဘော်၊ တော်လှန်ရေးအင်အားစုထဲက ရဲဘော်တွေဟာ ခုချိန်ထိ စစ်ကောင်စီနဲ့ ပူးပေါင်းတာမရှိဘူး” လို့ ပြောဆိုပါတယ်။
ပြည်သူတွေ ယုံကြည်မှုကင်းမဲ့အောင် စစ်ကောင်စီက ဝါဒဖြန့်တာနေတာပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်သူတွေကတော့ PDF လူငယ် ၁၄ ယောက်ဟာ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF) အဖွဲ့ဝင်တွေဖြစ်ကြပြီး အလင်းဝင်ရောက်လာသူတွေကို တာဝန်ရှိသူတွေက မိဘတွေဆီ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ဆိုထားပါတယ်။