DVB Logo
Home
မြန်မာသတင်း
နာမည်ကြီးအမှတ်တံဆိပ်များ မြန်မာပြည်မှထွက်သွားသော်လည်း အလုပ်သမားများအပေါ် ထိခိုက်မှုမရှိဟု သမဂ္ဂပြော
DVB
·
August 5, 2023
နာမည်ကြီးအမှတ်တံဆိပ်များ မြန်မာပြည်မှထွက်သွားသော်လည်း အလုပ်သမားများအပေါ် ထိခိုက်မှုမရှိဟု သမဂ္ဂပြော
Donate to DVB

ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ချုပ်လုပ်ငန်းတွေ  မြန်မာပြည်က ထွက်ခွာပေမဲ့ အထည်ချုပ်အလုပ်သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိဘူးလို့  အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။

လတ်တလော နာမည်ကြီး အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ် အပါအဝင် ဂျာမန် အားကစား အဝတ်အထည်ကုမ္ပဏီ Jako တို့ဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အထည်အော်ဒါပေးတာ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခုလိုနာမည်ကြီး အမှတ်တံဆိပ်တွေ မြန်မာပြည်က ထွက်ခွာပေမဲ့ အလုပ်သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိဘဲ စက်ရုံအလုပ်ရုံတွေက သမဂ္ဂရှိတဲ့ စက်ရုံတွေကို အကြောင်းမဲ့ပိတ်သိမ်းပြီး အလုပ်ထုတ်ပစ်တာမျိုးကသာ အလုပ်သမားအခွင့်အရေး နစ်နာစေတယ်လို့  သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM ) တာဝန်ရှိသူက ပြောပါတယ်။

“အလုပ်သမားတွေအနေနဲ့ အလုပ်ပြုတ်တာကတော့ Primark ထွက်တုန်းက အဲ့စက်ရုံတွေက သူတို့ စက်ရုံတွေမှာ သမဂ္ဂရှိတော့ ပိတ်ချလိုက်တယ်။ ဒါပေမဲ့ နောက်လကျတော့ တခြား Brand ပြန်ချုပ်တယ်။ အခုလည်း ဒီ Zara ထုတ်တဲ့ စက်ရုံတွေမှာ သမဂ္ဂ ရှိနေလား။ သူတို့စိတ်ဓာတ်တွေ ဘယ်လိုလဲ၊ လုပ်ငန်းရှင် ဘာလုပ်မလဲ မသိဘူး။ တကယ်တော့ လုပ်ငန်းရှင်က အဲဒီအထည်ကို မချုပ်တာနဲ့ အလုပ်ပိတ်သိမ်းတာနဲ့ မတူဘူး။ Brand မချုပ်ရင် နောက် Brand  ချုပ်မှာပဲ။ ဒီလိုပဲ ရှာပြီး ချုပ်နေရတာပဲ။ ပိတ်လိုက်တယ်ဆိုတဲ့ စက်ရုံတွေဟာ သမဂ္ဂကို ဖြိုခွဲချင်တာ။ သူတို့နဲ့ ညှိနှိုင်းလို့ မရတဲ့အခါ စက်ရုံတွေကိုပိတ်တယ်။ ပြီးတော့ ပြန်ဖွင့်တဲ့အခါ အဲ့သမဂ္ဂတွေကို အလုပ်မခန့်ဘူး။ နာမည်ပြောင်းလိုက်တယ်။ ပိုင်ရှင်မတူတော့ဘူးဆိုပြီး အဲဒီလိုမျိုးတွေ လုပ်တာ။”

အထည်ချုပ်စက်ရုံတွေမှာ အပ်နှံတဲ့ နာမည်ကျော် အမှတ်တံဆိပ်တွေအနေနဲ့ ပြည်တွင်းက စက်ရုံ အလုပ်ရုံ အလုပ်သမားတွေ အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄,၈၀၀ သာ ရတယ်ဆိုတာ သိပေမဲ့ လုပ်ခလစာကိစ္စ လျစ်လျူရှုထားခဲ့ကြပြီး လစာတိုးဖို့ ညှိနှိုင်းပေးတဲ့ Brand ဘယ်နှခုရှိလဲလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက မေးခွန်းထုတ်ပါတယ်။

အလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့အမျိုးသမီးတဦးက “ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတဦးအနေနဲ့ ကျမပြောရရင် အဲ  Brand တွေ ထွက်သွားခြင်းဟာ ဘာမှ ဝမ်းနည်းစရာမရှိဘူးလို့ ကျမ မြင်တယ်။ နောက်တခုက ရှေ့ပိုင်းမှာ  Brand တွေ ထွက်သွားတယ်။ ထွက်သွားပြီးရင် နာမည်မကြီးတဲ့  Brand တွေဝင်လာတယ်။ ဘာလို့လဲဆိုတော့ အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံတွင်းမှာ လုပ်သားဈေးချိုလို့ လာပြီးဖွင့်ထားတာ။ ပြန်ထွက်သွားဖို့မရှိဘူး။ သူတို့မချုပ်ရင် နောက်  Brand ချုပ်မှာပဲ။ ဒါကိုလည်း    Brandတွေက သိမယ်လို့ ထင်တယ်။ အရှေ့ပိုင်းမှာ ထွက်သွားတဲ့  Brand တွေရှိတယ်။ အဲ့တုန်းကလည်း စက်ရုံတွေပိတ်တယ်။ စက်ရုံတွေက ဟန်ပြပိတ်တာ။ ဒါတွေကို  Brand တွေက လက်မခံဘူး။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ ဖုတ်ဖတ်ခါပြီး ထွက်သွားတာ။ ဒါသည် လုပ်ငန်းရှင်နဲ့ပဲ ဆိုင်တယ် ပြောတယ်။ အဲ့တော့ ကျမအနေနဲ့ ပြောချင်တာ Zara ပဲထွက်ထွက် ဘာပဲထွက်ထွက် သိပ်ဂရုမစိုက်ဘူး။ ဘာလို့လဲဆိုတော့ ဘာမှ ထူးခြားလာတာ မဟုတ်လို့ပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ၊ သမဂ္ဂအဖွဲ့ဝင်တွေဆို ဘယ်စက်ရုံမှာမှ အလုပ်မခန့်တာတွေကြုံနေရတယ်လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“မြန်မာပြည်မှာ လာလုပ်နေတာ အထည်ချုပ်တွေချည်းပဲလေ။ ကျနော်တို့စက်ရုံမှာ လုပ်သွားတဲ့ Primark ထွက်သွားပြီလို့ တရားဝင် ကြေညာပြီးသား။ ဒါဆို ကျနော်တို့စက်ရုံမှာ ၅ နှစ်အတောအတွင်း သူတို့ ခိုးချုပ်နေတာပဲလေ။ သူတို့လွှင့်ထားတဲ့သတင်းတွေ အယုံအကြည်မရှိဘူး။ မြန်မာပြည်မှာ လာလုပ်နေတဲ့ စီးပွားရေးတခုလို ဖြစ်နေတဲ့အတွက် ဒီစီးပွားရေးပဲ။ မြန်မာပြည်မှာလာလုပ်တဲ့ တရုတ်တော်တော်များများ ဒီစီးပွားရေးပဲ လုပ်နေကြတာလေ။ ဒါကြောင့် မြန်မာပြည်မှာ  ဒီBrand တွေတော့ ထွက်ခွာသွားပြီဆိုတာ ကျနော်တို့တော့ အယုံအကြည် မရှိဘူးဗျ။”

မြန်မာပြည်တွင်းမှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာ ငွေကျပ် ၄,၈၀၀ ကနေ လုံလောက်တဲ့ပမာဏ ရရှိအောင် တိုးမြှင့်ပြဋ္ဌာန်းဖို့ ပျက်ကွက်ခဲ့တာ အချိန် ၂ နှစ်ကျော်ကြာပြီ ဖြစ်ပြီး အလုပ်သမားတွေက တရက်လုပ်အားခ ၁၀,၀၀၀ အထိ ရရှိအောင် ဒီနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုရာမှာ ပါဝင်ခဲ့ကြတဲ့ ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံက အလုပ်သမား ခေါင်းဆောင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် လုပ်ခလစာတိုးပေးဖို့ ဦးဆောင် တောင်းဆိုခဲ့ကြတဲ့ Sun Apprael (Myanmar) က အလုပ်သမားခေါင်းဆောင် နှစ်ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား လုပ်ခလစာ တိုးတောင်းတဲ့ ပြဿနာတွေမှာ စစ်ကောင်စီ ပါဝင်နေမှုကြောင့် အလုပ်သမားအရေး ဆောင်ရွက်သူတွေ ကူညီပေးရတာ အကျပ်အတည်း များစွာကြုံနေရပြီး စစ်အာဏာသိမ်းပြီးကတည်းက အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ရာနဲ့ချီ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013