တနင်္သာရီတိုင်း၊ ရေး-ထားဝယ်ကားလမ်း၊ မောင်မယ်ရှောင်ရွာ၊ ဟားလီးအကွေ့မှာ ရေဖြူမြို့ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် လိုက်ပါလာတဲ့ မြေသယ်ယာဥ်တစီးကို ဩဂုတ် ၃ ရက် ညနေမှာ ထားဝယ်ပကဖ (DGRF) က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးသေပြီး အများအပြား ဒဏ်ရာရသလို DGRF တပ်ဖွဲ့ဘက်ကလည်း ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို အရေးပေါ်ကားနဲ့တင်သွားပြီး တိုက်ခိုက်ခံရတဲ့ မြေတင်ကားကိုလည်း ထားဝယ်ဘက်ကို ပြန်မောင်းသွားပြီးနောက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက မောင်မယ်ရှောင်ရွာအတွင်း ရွာသား ၅၀ ကျော်ကို ဖမ်းခေါ် သွားတယ်လို့ DGRF ရဲ့ ပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး ဇဟာရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းအထိ ခြေလျင်စစ်ကြောင်းနဲ့ ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မောင်မယ်ရှောင်ရွာမှာရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ နယ်ခံကျောင်းသားမဟုတ်တဲ့ ကျောင်းသား ၄ ဦးကို ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၃ ရက် ညအထိ ကြိုးတုပ်ကာ ဖမ်းခေါ်ထားပြီး နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။
ဇူလိုင် ၁၂ ရက်ကလည်း ဇဟာရွာမှာ စစ်ကောင်စီတပ်ကားတစီးကို DGRF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာခံဗိုလ် အပါအဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလည်း ဇူလိုင်လအတွင်း ထားဝယ်ခရိုင်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်တာနဲ့ အရပ်ဝတ် ဝတ်ကာ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။