Home
ဆောင်းပါး
တော်လှန်ရေးကာလ လက်လှမ်းမီ ကျန်းမာရေး
DVB
·
August 4, 2023

မိုးရာသီရောဂါများနဲ့ တိုင်းရင်းဆေး

ခုအချိန်မှာ တော်လှန်ရေးရဲ့ အစိတ်အပိုင်းအားလုံးဟာ အကြမ်းဖက် စစ်အာဏာရှင်ကပေးတဲ့ အသက်အန္တရာယ်ဘေးနဲ့ ကြုံတွေ့နေရတဲ့အပြင် အမိုးအကာ အိမ်ရာမလုံခြုံခြင်း၊ အစားအသောက် အခက်အခဲနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မဖူလုံခြင်း ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေကြရတာ ထပ်တူထပ်မျှ ခံစားမိပါတယ်။

ဒါကြောင့်ပဲ လက်ရှိအခက်အခဲတွေကြားမှာ ရှင်သန်ရပ်တည်နိုင်ရေးနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မိမိကိုယ်ကိုယ် ကျန်းမာရေးစောင့်‌‌ရှောက်နိုင်မှုဟာ အတော့်ကို အရေးကြီးနေပါပြီ။

ဒါ့ကြောင့် တော်လှန်ရေးမိတ်ဆွေ တော်လှန်သူ ဓမ္မဘက်တော်သားတွေနဲ့ တော်လှန်ရေးရဲ့ အစိတ်အပိုင်းအားလုံး မိမိကိုယ်ကိုယ် ကျန်းမာရေးစောင့်‌ရှောက်နိုင်ဖို့အတွက် အထောက်အကူပြု လက်လှမ်းမီ ကျန်းမာရေးအဖြစ် မျှ‌‌‌ဝေ တင်ပြလိုပါတယ်။

ဒါ့ကြောင့် ပထမဆုံးအနေနဲ့ ခုလို မိုးတွင်းကာလ ကျန်းမာရေး ပြဿနာတွေကို လက်လှမ်းတမီ ဆေးဝါးများ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို တင်ပြချင်ပါတယ်။

မိုးကာလမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေကတော့ အအေးမိ နှာစေး၊ ချောင်းဆိုး အဆုတ်ရောင်၊ အဆုတ်ပွရောဂါ၊ ဖျားနာခြင်းနဲ့ တုပ်ကွေးရောဂါတွေ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ ဝမ်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးတို့ ဖြစ်ပါတယ်။

ဒီအထဲကမှ အအေးမိ နှာစေး ချောင်းဆိုး ချွဲကြပ် အဆုတ်ရောင် အဆုတ်ပွ၊ ဖျားနာ တုပ်ကွေးရောဂါတွေကို ကုသရာမှာ လက်လှမ်းတမီ သဘာဝဆေးပင်၊ ဆေးပစ္စည်းတွေကတော့ ကွမ်းရွက်၊ ငရုတ်ကောင်း၊ ချင်း၊ ပင်စိမ်း၊ ကြက်သွန်နီ ကြက်သွန်ဖြူတို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီသဘာဝဆေးပင်၊ ဆေးပစ္စည်းတွေနဲ့ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ချွဲကြပ်ခြင်း၊ အဆုတ်ရောင် အဆုတ်ပွခြင်းနဲ့ ဖျားနာ၊ တုပ်ကွေးရောဂါတွေမှာ ဆေးဘက်ဆိုင်ရာ လက်တွေ့သုံးစွဲပုံတွေကို ဆက်လက် မျှ‌ဝေပေးသွားပါမယ်။

ငရုတ်ကောင်းဟာ ကျနော်တို့ လူသားတွေနဲ့ ရင်းနှီးအကျွမ်းတဝင်ရှိလှတဲ့ မီးဖိုချောင်သုံး ဟင်းခတ်မွှေးအကြိုင် ဆေးဘက်ဝင်ပစ္စည်းတမျိုး ဖြစ်ပါတယ်။ ငရုတ်ကောင်းမှုန့် တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းလောက်ကို ရေနွေးပူပူနဲ့ တနေ့ကို ၂ ကြိမ်မှ ၃ ကြိမ် သောက်ပေးခြင်းဖြင့် အအေးမိ နှာစေး ချောင်းဆိုး ချွဲကြပ် အဆုတ်ရောင် အဆုတ်ပွ၊ ဖျားနာ တုပ်ကွေးရောဂါတွေကို သက်သာနိုင်ပါတယ်။ သို့သော် “တန်ဆေးလွန်ဘေး” ဖြစ်တဲ့အတွက် အလွန်အကျွံ စားသောက်ခြင်း မပြုလုပ်ပါနဲ့။

ကွမ်းရွက် ၄ ရွက် ၅ ရွက်လောက်ကို ရေလီတာဝက်နဲ့ ဆူပွက်အောင်ပြုတ်ပြီး တခါသောက် ရေ‌နွေးကြမ်းခွက် ၁ ခွက်စာလောက် တနေ့ကို ၃-၄ကြိမ် သောက်ပေးနိုင်ပါတယ်။

ချင်းကို ပါးပါးလှီး ၄-၅ ပြားလောက်ကို ဖန်ခွက် ၁ ခွက်စာ ရေနွေးပူပူမှာ မိနစ် ၂၀ ခန့်စိမ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ခန့် တနေ့ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပင်စိမ်းရွက်ကို ထုထောင်း ကြိတ်ညှစ်လို့ရတဲ့ အရေကို တခါသောက်စာ ကော်ဖီဇွန်း ၂ ဇွန်း ရေနွေးပူပူနဲ့ တနေ့ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကြက်သွန်နီဖြစ်စေ  ကြက်သွန်ဖြူဖြစ်စေ တခုခုကို ညက်မှုန့်အောင် ထုထောင်း ကြိတ်ချေပြီး တခါသောက် ကော်ဖီဇွန်း ၁ ဇွန်းကို တနေ့ ၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

နှာစေး နှာပိတ်ခြင်းအတွက် ရေနွေးဆူဆူမှာ ငရုတ်ကောင်းမှုန့်ခတ်ပြီး ရှူပေးနိုင်သလို ချင်းပြုတ်ရေနွေးငွေ့ကိုလည်း ရှူပေးနိုင်ပါတယ်။

အသက် ၁ နှစ်အောက် ကလေးငယ်တွေအတွက် ကွမ်းရွက် သို့မဟုတ် ပင်စိမ်းရွက် ကြိတ်ညှစ်ရေကို ဆားမီးဖုတ် ငရုတ်ကောင်းစေ့ခန့်ထည့်ပြီး ကလေးရဲ့အရွယ်ကို ချင့်ချိန်ပြီး ၁-ကြိမ်လျှင် ကော်ဖီဇွန်း လေးပုံတပုံမှ ကော်ဖီဇွန်း ၁-ဇွန်းအထိ တနေ့ကို ၂-၃ ကြိမ် တိုက်ကျွေးပေးပါ။

ကလေးငယ်တွေ အဆုတ်ရောင် အဆုတ်ပွ ချောင်းဆိုးခြင်း၊ ချွဲကြပ်ခြင်းအတွက် လိမ်းဆေးအဖြစ် ကွမ်းရွက် သို့မဟုတ် ပင်စိမ်းရွက် ကြိတ်ညှစ်ရေ ကော်ဖီ ၁-ဇွန်းကို အုန်းဆီ သို့မဟုတ် နှမ်းဆီ ဟင်းစားဇွန်း ၂-ဇွန်းနဲ့ ရောစပ်ပြီး မီးနဲ့အပူပေးပါ။ ပြီးရင် ဆေးနွေးနွေးကို ရင်ဘတ်၊ နောက်ကျော၊ လက်ပြင်နဲ့ ချိုင်းကြားတို့ကို လိမ်းပေးပြီး နွေးနွေးထွေးထွေးထားပေးပါ။ နို့စို့ကလေးဖြစ်ပါက နို့တိုက်မိခင်လည်း အထက်မှာ ဖော်ပြထားတဲ့ ဆေးတွေထဲက အဆင်ပြေရာတမျိုးကို တနေ့ ၂-ကြိမ်ခန့် သောက်ပေးပါ။

(အအေးစာများ စားသောက်ခြင်းနဲ့ အအေးခံခြင်း အတတ်နိုင်ဆုံး သတိထား  ‌ရှောင်ကြဉ်ပါ။)

ဓာတ်စာအနေနဲ့ ငရုတ်ကောင်းပါတဲ့ ဟင်းခါးရေတို့ကို ပူပူနွေးနွေး သောက်ပေးပါ။

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်” ဆိုတဲ့ စကားအတိုင်း အအေးမိခြင်း နှာစေးခြင်း ချောင်းဆိုးခြင်း ချွဲကြပ်ခြင်း အဆုတ်ရောင် အဆုတ်ပွခြင်းနဲ့ ဖျားနာ တုပ်ကွေးရောဂါ‌ ‌ဝေဒနာတွေ မဖြစ်အောင် မိုးကာလမှာ ချင်းရေနွေးကြမ်းသောက်ခြင်း ချင်းနဲ့ ထန်းလျက်ပြုတ်ရည် အသင့်အတင့် သောက်ခြင်းတို့နဲ့ ကြိုတင်ကာကွယ်မှုပြုလုပ်ပါ။ အခွင့်အရေးရှိရင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားတာဟာ ကိုယ်တွင်း ခုခံအားကို မြင့်တက်စေပါတယ်။

တော်လှန်ရေး ဓမ္မဘက်တော်သားများအားလုံး အခက်အခဲဟူသမျှ ကျန်းမာစွာကျော်ဖြတ်နိုင်ပြီး ခရီးဆုံးမှာ အားလုံး အတူပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ။

သာဇဏ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024