
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဆေးခန်းပိုင်ရှင် ဆရာဝန်တဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံထံက သိရပါတယ်။
၂၄ နာရီဖွင့်လှစ်တဲ့ ကျော် ဆေးခန်းကို သြဂုတ် ၂ ရက် ညပိုင်းမှာ အိမ်စီးကားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ရောက်ရှိလာပြီး ဆေးခန်းပိုင်ရှင် ဆရာဝန်တဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “ည ၈ နာရီလောက်ကို အိမ်စီးကားတွေနဲ့ လူ ၁၂ ယောက်လောက်ရှိတယ်၊ ဒေါက်တာကို လာဖမ်းသွားတာ။ ဆေးခန်းမှာပဲ ဒေါက်တာနာမည်မေးပြီး ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲ ဆိုတာကတော့ သေချာမသိဘူး။ အဆက်အသွယ်လည်း မရသေးဘူး” လို့ ပြောပါတယ်။
ကျော် ဆေးခန်းပိုင်ရှင် ဒေါက်တာ သိန်းမြင့်ဝေဟာ ဖားကန့်မြို့နယ်ဆေးရုံမှာ ဆေးရုံအုပ်ကြီး တာဝန် ထမ်းဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဆေးရုံအုပ်ရာထူးမှ နုတ်ထွက်ကာ ပုဂ္ဂလိကဆေးခန်း ဖွင့်လှစ်ထားသူတဦး ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးနောက် မီးသတ်ဝန်ထမ်း၊ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့က မကြာခဏ ဖမ်းဆီးနေတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်း စွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးအရေးယူနိုင်တာတွေ မရှိသေးပါဘူး။










