DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ ရန်ကုန်စည်ပင်ဝန်ထမ်း ၅၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း
DVB
·
August 3, 2023
စစ်ကောင်စီဩဇာခံ ရန်ကုန်စည်ပင်ဝန်ထမ်း ၅၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း
Donate to DVB

စစ်ကောင်စီဩဇာခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူးတွေအပါအဝင် ဝန်ထမ်း ၄၉ ယောက်ကို အမည်ပျက် စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ် ၂ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်ကာ ပြည်သူနဲ့ တသားတည်းဖြစ်စေဖို့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကြဖို့ အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးတဲ့ ဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်တာ၊ တရားစွဲဆိုတာတွေနဲ့ ဥပဒေနဲ့အညီ ပြန်ဆပ်ရန်မလိုတော့တဲ့ လစာ ချေးငွေတွေကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်း တာတွေအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ စီမံချက်မှန်သမျှအားလုံးကို ပုံဖော်ဆောင်ရွက်ပေးတာစတဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဖော်ပြပါ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဖော်ပြ ထားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ် နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၃,၈၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၁၅၄ ယောက်ထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013