DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ကနီနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
August 3, 2023
ယင်းမာပင်၊ ကနီနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ လောက် တနယ်ကျေးရွာကို မီးရှို့ပြီး ပြန်လာချိန်မှာ မိုင်း ၂ လုံးဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

MRDA ဘဏ္ဍာရေးနဲ့ ပြန်ကြားရေးတာဝန်ခံ နောင်ရိုးက “တနယ်ကျေးရွာကို ဩဂုတ်လ ၂ ရက် မနက်ပိုင်းလောက်က ဝင်ပြီး ညအိပ်တပ်စွဲခဲ့တာပါ။ ကျေးရွာကင်းတဲ အပါအဝင် နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ ကျေးရွာနေ ပြည်သူနှစ်ဦး ဖမ်းဆီးခံခဲ့ရတာပါ။ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုတော့ သတ်ဖြတ်သွားပါတယ်။ ပြည်သူနှစ်ဉီးကတော့ ပြန်လွတ်လာပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်းတကော် ၇၀၉ တပ်နဲ့ ၇၀၁ တပ်က အင်အား ၇၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနယ်ကျေးရွာရှိ လူနေအိမ်တွေကို မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးပြီး အပြန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA အဖွဲ့နဲ့ ယင်းမာပင်ခရိုင်-၆ MRDA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁ ရက်ကလည်း ပုလဲမြို့နယ်၊ ကန့်ဒေါင်ရွာစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ရွာသစ်ကျေးရွာအထွက်မှာ Myanmar's Royal Dragon Army-MRDA အဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာတော့  ကနီရဲစခန်းမှာ စခန်းမှူးရဲ့မွေးနေ့ပွဲ ကျင်းပနေချိန် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲအရာရှိ ၂ ဦးသေဆုံးကာ ရဲအရာရှိ ၁ ဦးနဲ့ ရဲမေ ၁ ဦး၊ ရဲမိသားစုဝင် ၂ ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ဒီမနက်ပိုင်း ၈ နာရီလောက်က  ကနီမြို့နယ်ရဲစခန်းမှူး ထွန်းမြင့်ရဲ့ မွေးနေ့ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းတက်ရောက်တယ်လို့ သတင်းရရှိခဲ့တဲ့အတွက် Shar Htoo Waw Drone နည်းပညာ(မောင်းသူမဲ့လေယာဥ်)အသုံးပြုပြီး ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁-၂၂-၂၃ KLG PDF-ကျောက်လုံးကြီးတပ်မဟာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စခန်းထဲမှာက မွေးနေ့ပွဲတက်တဲ့ ရဲ၊ စစ်သားပေါင်းရင် အင်အား ၁၀၀ လောက်ရှိပါတယ်ဗျ၊ မွေးနေ့ပွဲ ပြုလုပ်တယ်လို့သတင်းကကြိုရတာနဲ့ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။ စခန်းမှူးနဲ့ နယ်ထိန်းက ပွဲချင်းပြီးပါ။ မြို့နယ်မှူးနဲ့ ရဲမေ ၁ ဦး၊ မိသားစုဝင် ၂ ဦးကတော့ ဒဏ်ရာရတယ်လို့ သတင်းရပါတယ်။”

ကနီမြို့မရဲစခန်းကို ဩဂုတ် ၃ ရက် မနက် ၈ နာရီက မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ပြီး စခန်းမှူးနဲ့ နယ်ထိန်း သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်မဟာ (KLG) က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကနီမြို့မရဲစခန်းမှူး ထွန်းမြင့်နဲ့ နယ်ထိန်း ဆန်းဌေးတို့ သေဆုံးခဲ့ပြီး မြို့နယ်မှူး၊ ရဲမေတဦးနဲ့ ရဲမိသားစုဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်လုံးကြီးတပ်မဟာ (KLG) တာဝန်ရှိသူက “စခန်းမှူးမွေးနေ့ရှိတယ် သတင်းကြားလို့ ဗုံးသီးသွားချတာပါ။ သေတဲ့နှစ်ယောက်ကတော့ နေရာမှာပဲ သေသွားတယ်လို့ သတင်း အတိအကျရပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG တို့က ဗုံးသီး ၄ လုံးချပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာတော့ ဇူလိုင်လ ၃၀ ရက်နေ့နဲ့ သြဂုတ်လ ၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိပြီး ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီး နွားတွေကိုလည်း ယူဆောင်သွားတယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ် ကန်နီကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်းအတိကျရတာကြောင့် ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်ပကဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က စနိုက်ပါ လက်ချက်ကြောင့် စစ်ကောင်စီဘက်က တယောက်သေဆုံးကာ သုံး ယောက် ဒဏ်ရာရရှိခဲ့ပြီး ကန်နီရွာထဲကို ဝင်ပြေးသွားကြတယ်။”

ဒါ့အပြင် အဲဒီ စစ်(...)၊ပျူ(...) အင်အား ၆၀ လောက်ဟာ မွန်းလွဲ ၂ နာရီလောက်မှာ ဆဲဆိုပြီး ထပ်မံစစ်ကြောင်းထိုးလာလို့ PDF  ရဲဘော် ၆ ယောက်က ကာကွယ်ခုခံပေးပြီး ရဲဘော်အားလုံး ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မြိုင်ပကဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက “ကျနော်တို့က ဇူလိုင်လ ၃၁ ရက်နေ့မှာ စနစ်တကျပြင်ဆင်ပြီး သြဂုတ်လ ၁ ရက်နေ့ ည ၁၂နာရီမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကန်နီရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ပြီး ၂ နာရီလောက်ကြာ အောင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ လက်ထုပ်တောကျေးရွာကိုဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ် ၂လုံးနဲ့ ဆိုင်ကယ် ၈ စီးကို မီးရှို့ဖျက်ဆီးကာ နွား ၆ ကောင်ကိုလည်း ယူဆောင်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီတိုင်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းတပ်ဖွဲ့၊ ဆားလင်းကြီး SSTFနဲ့ မြိုင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်ဘက်က ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတာ မရှိတဲ့အပြင်  ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါမှာ လက်ခံဖြေကြားခြင်း မရှိတဲ့အတွက် သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013