DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်း ၃၇၅ ကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း အဖြစ် NUG ကြေညာ
DVB
·
August 3, 2023
စာသင်ကျောင်း ၃၇၅ ကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း အဖြစ် NUG ကြေညာ
Donate to DVB

မြေပြင်ကျောင်း ၃၇၅ ကျောင်းကို ကြားကာလ အခြေခံပညာ ပြည်သူ့ပညာရေးကျောင်းတွေအဖြစ် ထပ်မံအသိအမှတ်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂ ရက်စွဲနဲ့ ကြေညာပါတယ်။

ခုလို အသိအမှတ်ပြုလိုက်တဲ့ ကျောင်းတွေဟာ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြု မူဝါဒ ၁၁ ချက်ကို လိုက်နာဆောင်ရွက်မယ်လို့ ဝန်ခံကတိပြုထားတဲ့ ကျောင်းတွေဖြစ်ကာ စိစစ်ဆဲ အွန်လိုင်းကျောင်းတွေနဲ့ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက် ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် CDM ဆရာ၊ ဆရာမတွေ ဦးဆောင်တဲ့ အွန်လိုင်း ကြားကာလ အခြေခံပြည်သူ့ပညာရေးကျောင်းတွေရော လွတ်မြောက်နယ်မြေတွေ၊ စစ်ကိုင်းနဲ့ မကွေးနယ်မြေတွေမှာပါ မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေ အများအပြား ရှိနေတယ်လို့ NUG ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

NUG အစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်ယူနိုင်ဖို့အတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်ကာ မြေပြင် ပြည်သူ့ပညာရေးကျောင်းတွေနဲ့လည်း ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NUG အစိုးရဟာ အဆင့်မြင့်ပညာကဏ္ဍက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ကာ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးတဲ့နောက်မှာတော့ တက္ကသိုလ်နဲ့ ကောလိပ် သင်တန်းတွေနဲ့ အဝေးသင်သင်တန်းတွေ အားလုံးကို ဖွင့်လှစ်ဖို့ လုပ် ဆောင်နေပါတယ်။

NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ စစ်ကောင်စီဟာ ပညာရေးကို လက်နက်လို သုံးပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ နည်းတမျိုး ဖြစ်တာကြောင့် စစ်ကောင်စီက ကျင်းပတဲ့ စာမေးပွဲတွေမှာ ဝင်ရောက်ဖြေဆိုသူတွေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပံ့ပိုးတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးနဲ့ အနာဂတ်နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013