စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်ကောင်စီက ဩဂုတ် ၂ ရက် မနက်ပိုင်းက ဝင်ရောက်တပ်စွဲပြီး ဒေသခံ ပကဖတဦးကို သတ်ဖြတ်ကာ ရွာကိုလည်း မီးရှို့ထားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ အင်မထီး ပျူကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရိက္ခာလာပို့ပြီး အင်မထီးရွာမှာ ယာယီတပ်စွဲနေတဲ့စစ်ကြောင်း ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကျားသစ်နက်အဖွဲ့ခေါင်းဆောင် ကိုဥက္ကာက “အင်မထီးရွာကနေ မနေ့ ဩဂုတ် ၂ ရက်နေ့ မနက်ခင်း ၅ နာရီအချိန်ကစပြီး စစ်ကြောင်း စထိုးတယ်။ တနယ်ရွာကို တနေကုန်၊ တညလုံး တပ်စွဲတယ်။ ဒီနေ့ ဩဂုတ် ၃ ရက် မနက်ခင်း ၄ နာရီလောက်ရောက်တော့ ရွာကိုမီးရှို့တာတွေ လုပ်တယ်။ အိမ် ၁၁ လုံး မီးလောင်ဆုံးရှုံးသွားတယ်။ ဒေသခံ တိုက်ခိုက်ရေးခေါင်းဆောင်တဦးကိုလည်း လည်လှီးသတ်သွားတယ်။ သူတို့ထွက်သွားပြီး ရှင်းလင်းရေးလုပ်တော့ အလောင်းတွေ့ထားတယ်။ သေတဲ့သူအမည်က ဦးမြင့်သိန်း အသက် ၄၅ ပါဗျ။ နောက်ထပ် ရွာသား ၃ ဦးလည်း ပျောက်နေတယ်။ စံပြရွာကနေ ဈေးလာရောင်းတဲ့ ပြည်သူတဦးလည်း ပျောက်နေတယ်” လို့ ပြောပါတယ်။
တနယ်ရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ မင်းတိုင်ပင်ရွာကို ရောက်ရှိနေပြီး ပြည်သူ့နေအိမ်တွေကို မွှေနှောက်ကာ ပစ္စည်းတွေ ယူဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။