ရှမ်းပြည်နယ်မြောက်ပိုင်၊ မူဆယ်နဲ့ နမ့်ခမ်းကြားဇယ်လန့်ရွာအနီး ရသေ့တောင်ကြောမှာ ဩဂုတ် ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့မနက်ပိုင်းက တိုက်ပွဲတကြိမ် မွန်းလွဲ ၁ နာရီကျော်လောက်က နောက်တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်က အရာရှိ ၁ ဦးကျဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ဘုန်းကြီးတပါးနဲ့ ဒေသခံ အမျိုးသမီး နှစ်ယောက်လည်း လက်နက်ကြီးကျည်ထိမှန်သွားတယ်လို့ဆိုပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အနီးက စစ်ကောင်စီတပ်တွေရှိတဲ့ဘက်မှာလည်း မနေ့ နေ့လယ်ပိုင်းက TNLA လို့ ယူဆရတဲ့ အဖွဲ့က လာရောက် ပစ်ခတ်ခဲ့ပြီး ၁၀၅ မိုင် ဘက်ကနေ ဇယ်လန့်ဘက်က ရသေ့တောင်ဘက် စစ်ကူဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း မူဆယ်နဲ့ ၁၀၅ မိုင်ကြားလမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါပါတယ်။
ဒေသခံတဦးက "စစ်ကူလာတဲ့ အဖွဲ့ကို ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်တာ။ အဲဒီမှာ သူတို့ အရာရှိ တဦးကျသွားတော့ အဲဒီ ၁၀၅ ဘက်က လက်နက်ကြီး ပြန်ပစ်ထည့်လိုက်တာ၊ ဘုန်းကြီး ကျောင်းဘက်ကျသွားတာ။ ဘုန်းကြီး တပါးလည်း ထိသွားတယ်”လို့ ပြောပါတယ်။
၁၀၅ မိုင်နဲ့ မူဆယ်ကြားရှိ နမ့်ခွမ် ဘုန်းကြီးကျောင်းရဲ့ အပြင်ဘက်မှာ လက်နက်ကြီး တလုံးကျပြီး တလုံးက နွားခြံဘက်က လူနေအိမ်ရှေ့မှာ ကျသွားလို့ မိန်းကလေး ၂ ယောက် ထိသွားမှန်သွား ပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “ဟုတ်တယ်။ ၂ ယောက် ထိတယ်။ သေတော့ မသေဘူး ဆေးရုံမှာ။ နှစ်ယောက်လုံး မိန်းကလေး”လို့ ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ၁၀၅ မိုင်က စာသင်ကျောင်းကို မနက် ၁၁ နာရီခွဲလောက် ကတည်းက ကျောင်းပိတ်လိုက်ရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁ ရက်နေ့ကတည်းက လွယ်တေူခမ်း (ရသေ့တောင်)ဘက် စစ်ကြောင်းထိုးနေပေမဲ့ ဝါဆိုလပြည့်နေ့ဖြစ်လို့ TNLA ဘက်က မပစ်ဘဲ စောင့်ကြည့်နေပြီး မနေ့ကမှ ကောင်းကောင်းနေရာယူ ပိတ်ဆို့ပြီး ပစ်ထည့်လိုက်တာလို့ ဇယ်လန့် ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ TNLA တို့အကြား မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကစပြီး ဆက်တိုက်နီးပါး တိုက်ပွဲ ပြင်းထန်နေတာပါ။