
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ ဘီယာသောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပခုက္ကူခရိုင် PDF တပ်ရင်း(၈) က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၂ ယောက်စလုံး သေဆုံးခဲ့ကာ MA-1 (၂) လက်နဲ့ 5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၈ ရက် နေ့လည် ၂ နာရီလောက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း၊ ဆုံစည်းရာ ဘီယာဆိုင်မှာ အဆိုပါ တပ်သား ၂ ယောက်က ဘီယာထိုင်သောက်နေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပစ်ခတ်ချိန်မှာ ဆိုင်ကယ်စီးပြီး ထွက်ပြေးတာကြောင့် အနောက်ကနေ လိုက်လံပစ်ခတ်ခဲ့ရာ မြစ်ခြေ-ကမ္မလမ်းဘေး ရေမြောင်းထဲ ကျည်ထိမှန်ဒဏ်ရာနဲ့လဲကျနေတဲ့ တပ်သားကိုတော့ လက်နက်ချအညံ့မခံတာကြောင့် အသေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ် ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။










