မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဩဂုတ် ၂ ရက် ဒီမနက် ၁၁ နာရီလောက်က သံလွင်တံတားပေါ်ကနေ ကိုရင်ကြီးတပါး သံလွင်မြစ်တွင်းကို ခုန်ချသွားခဲ့တယ်လို့ ဒေသခံ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကိုရင်ကြီး ဥူးကောသလ္လဟာ သံလွင်တံတား RP 11 နဲ့ RP 12 အကြားကနေ မြစ်ထဲကို ခုန်ချသွားတာဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေက သံလွင်မြစ်အတွင်း လိုက်လံရှာဖွေနေပေမဲ့ ခုချိန်အထိ ရှာမတွေ့သေးပါဘူး။
ပေါင်မြို့နယ်၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော် ၅၇ နှစ်ရှိ ဥူးအာစိန္တနဲ့ သက်တော် ၄၉ နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ (ခ) ဦးကံဖန်တို့ဟာ မီးနီအိုးဝေယာဉ်နဲ့ မော်လမြိုင်မှာ ဆေးရုံဆေးခန်းပြဖို့ ထွက်ခွာလာစဉ် တံတားအရောက်မှာ ဥူးကောသလ္လ တပါးတည်း ဆင်းပြီးနောက် လူသွားစင်္ကြံဘက်ကူးကာ လက်ရန်းဘောင်မှကျော်ပြီး သံလွင်မြစ်အတွင်း ခုန်ချသွားတာလို့ မြို့ခံတွေက ဆိုပါတယ်။
သံလွင်မြစ်ထဲ ခုန်ချသွားတဲ့ ကိုရင်ကြီး ဥူးကောသလ္လကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ကယ်ဆယ်ရေးအဖွဲ့နဲ့ မော်လမြိုင်မြို့ရှိ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်မြစ်အတွင်း ရှာဖွေနေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စိတ်ကျရောဂါတွေကြောင့် မွန်ပြည်နယ်ထဲမှာ မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေ ပိုမိုဖြစ်ပွားလာနေပါတယ်။