
၃၆ နှစ်ကြာ ဂွါတီမာလာ ပြည်တွင်းစစ်အတွင်း ဌာနေအမျိုးသမီးတွေကို Sepur Zarco စခန်းအနီးက နေရာတနေရာမှာ စစ်တပ်ကစနစ်တကျ အဓမ္မပြုကျင့်ပြီး ကျွန်ပြုခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဖြစ်ပျက်ခဲ့တာတွေက မထူးခြားပေမဲ့ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေက သမိုင်းကို ပြောင်းလဲသွားစေပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း လွတ်မြောက်လာသူ အမျိုးသမီး ၁၅ ဦးဟာ ဂွါတီမာလာရဲ့ အမြင့်ဆုံးတရားရုံးမှာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
အဂတိလိုက်စားမှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ဘက်အရာရှိဟောင်း နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းကို လျော်ကြေးငွေ ၁၈ မှု ခွင့်ပြုခဲ့ပါတယ်။
အမျိုးသမီးတွေကို လေးစားစွာ ရည်ညွှန်းတဲ့အနေနဲ့ Sepur Zarco ရဲ့ အဘူလာတွေဟာ အခုအခါ တရားမျှတမှုကို ခံစားရဖို့ စောင့်ဆိုင်းနေကြပါတယ်။ သူတို့အတွက် လျော်ကြေးငွေ အစီအစဉ်မှာတော့ သူတို့ရပ်ရွာက ကလေးတွေအတွက် ပညာရေး၊ မြေယာရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းနဲ့ ရပ်ရွာမျိုးဆက်တွေတလျှောက် ကြံ့ကြံ့ခံနေကြရတဲ့ ဆင်းရဲမွဲတေမှုကို အဆုံးသတ်စေမယ့် အစီအမံတွေ ပါဝင်ပါတယ်။
စစ်တပ်က သူ့ခင်ပွန်းနဲ့သားကို ခေါ်ဆောင်သွားတဲ့နေ့မှာပဲ မာရီရာဘာကယ်လ်ရဲ့ မှတ်ဉာဏ်ထဲမှာ ထွင်းထုထားပေမဲ့ အသေးစိတ်အချက်တချို့ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။ “ကျမခင်ပွန်းနဲ့ ကျမရဲ့ ၁၅ နှစ်အရွယ် သားကို ခေါ်သွားကြတယ်။ သူတို့က အလုပ်သမားတွေပါ။ နေ့ခင်းဘက် စစ်တပ်က လာပြီးခေါ်သွားတယ်။ ရက်စွဲတော့ မမှတ်မိပေမဲ့ အဲ့ဒါက ခင်ပွန်းနဲ့ သားကို နောက်ဆုံးတွေ့လိုက်တာပါ” လို့ က ပြောပါတယ်။ မာရီရာဘာကယ်လ်ဟာ အခုအခါ အသက် ၇၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဂွါတီမာလာအရှေ့မြောက်ပိုင်း ပိုလိုချစ်ချိုင့်ဝှမ်းက Sepur Zarco မှာ တခြားသော Maya Q'eqchi' အမျိုးသမီးတွေလိုပဲ ဂွါတီမာလာစစ်တပ်ဟာ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းမှာ အတင်းအဓမ္မ ခေါ်ဆောင်သွားခံရပြီး ပျောက်ကွယ်သွားကာ အသတ်ခံရနိုင်ခြေများတဲ့ သူ့ရဲ့ခင်ပွန်းနဲ့ သားရဲ့ ရုပ်ကြွင်းတွေကို ဘာကယ်လ်က ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ဂွါတီမာလာ ပဋိပက္ခ
ဂွါတီမာလာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတ ဟာကိုဘိုအာဘန်ဇ် (Jacobo Árbenz) ကို စစ်တပ်က အာဏာသိမ်းပြီး ၁၉၅၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း စစ်အာဏာရှင်တွေဟာ ဆင်းရဲနွမ်းပါးတဲ့ (အများစုသော ဌာနေတိုင်းရင်းသား) လယ်သမားတွေကို အကျိုးပြုတဲ့ မြေယာပြုပြင်ပြောင်းလဲမှုကို ပြောင်းပြန်လှန်ကာ စစ်တပ်နဲ့ လက်ဝဲပြောက်ကျားအုပ်စုတွေကြား ၃၆ နှစ်ကြာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ အသတ်ခံရသူ အများစုရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဌာနေတိုင်းရင်းသား မာယာလူမျိုးတွေ ဖြစ်ပါတယ်။
၁၉၅၄ - စစ်တပ်အာဏာသိမ်း
ဗိုလ်မှူးကြီး ကားလို့စ်ကတ်စ်တီလိုအာမတ်စ်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှုဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ သမ္မတ ဟာကိုဘိုအာဘန်ဇ်ကို ဖြုတ်ချခဲ့ပါတယ်။ ကတ်စတီရိုဟာ ဆင်းရဲသား လယ်သမားတွေကို အကျိုးဖြစ်ထွန်းစေတဲ့ မြေယာပြုပြင်ပြောင်းလဲမှုတွေကို နောက်ပြန်ဆုတ်ကာ နောင်နှစ်ပေါင်းများစွာ စာမတတ်တဲ့ ဂွါတီမာလန်တွေအတွက် မဲပေးခွင့်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
၁၉၆၀ - ပြည်တွင်းစစ် စတင်
ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ စစ်တပ်နဲ့ လက်ဝဲယိမ်း ပြောက်ကျားအုပ်စုတွေအကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေပါတယ်။ မြေယာရရှိရေးဟာ ပဋိပက္ခရဲ့ အဓိကအချက် တချက်ဖြစ်ပြီး သေဆုံးသူ အများစုဟာ ဌာနေတိုင်းရင်းသားတွေ ဖြစ်ပါတယ်။
၁၉၇၀ - ဌာနေတိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုများ ပြင်းထန်လာ
သမ္မတ စီဆာမန်းဒေ့ဇ်လက်ထက် အရပ်ဘက်အုပ်ချုပ်ရေး ပြန်လည်ထူထောင်ပြီးနောက် စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကားလို့စ်အာရာနာကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ ပြောက်ကျားအုပ်စုတွေနဲ့ ဌာနေတိုင်းရင်းသား အသိုက်အဝန်းအပေါ် အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။
၁၉၈၂ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်
ဗိုလ်ချုပ်ကြီး အက်ဖရန်ရီရို့စ်မွန့် ဟာ ၁၉၆၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းကာ ပြောက်ကျားနယ်မြေ ပြန်လည်ရယူဖို့အတွက် စစ်တပ်နဲ့အတူ ဒေသခံ အရပ်သားကာကွယ်ရေးကင်းလှည့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၁၉၈၅ - ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ပြန်စ
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲပြီး သမ္မတအတွက် ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။
၁၉၉၄ - ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်
ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ပြီး ခိုင်မာတဲ့ ညှိနှိုင်းရေးအဖွဲ့ကတဆင့် တရားဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးအဖွဲ့တွေ ပါဝင်ပါတယ်။ ပဋိပက္ခအတွင်း ခန့်မှန်းခြေ လူပေါင်း ၂၀၀,၀၀၀ သေဆုံးခဲ့ရပြီး ပျောက်ဆုံးသွားသူတွေရဲ့ ၈၃ ရာခိုင်နှုန်းမှာ ဌာနေတိုင်းရင်းသားတွေဖြစ်ပြီး မုဆိုးမ ၅၀,၀၀၀ နဲ့ မိဘမဲ့ ၅၀၀,၀၀၀ ခန့် ကျန်ရစ်ခဲ့ပါတယ်။
၁၉၉၆ - ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုး
အယ်လ်ဗာရိုအာဇူ သမ္မတလက်ထက်မှာ ဂွါတီမာလာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၃၆ နှစ်ကြာ ရှည်လျားတဲ့ ပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။ ဂွါတီမာလာ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ တိုးမြင့်လာစေဖို့ ကတိကဝတ် ၂၈ ခု ပါဝင်ပြီး အထူးသဖြင့် ဌာနေတိုင်းရင်းသား အမျိုးသမီးငယ်တွေအတွက် ပါဝင်ပါတယ်။
Sepur Zarco မှာ ဒါတွေ ဖြစ်ပျက်ခဲ့ပါတယ်။
၁၉၈၂ ခုနှစ်မှာ စစ်တပ်ဟာ Sepur Zarco မှာ အနားယူစခန်းတခုကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အဆိုပါဒေသက Q'eqchi တိုင်းရင်းသားခေါင်းဆောင်တွေဟာ သူတို့ရဲ့ မြေယာအတွက် တရားဝင်လုပ်ပိုင်ခွင့်တွေကို ရှာဖွေနေပါတယ်။ စစ်တပ်က အတင်းအဓမ္မ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တိုင်းရင်းသား အမျိုးသားတွေကို သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ကျွန်ပြုမှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။
မာရီယာဘာကယ်လ်က “သူတို့က ငါတို့အိမ်ကို မီးရှို့တယ်။ ရွေးချယ်မှုအရ Sepur စစ်အခြေစိုက်စခန်း (ကင်းစခန်း) ကို မသွားခဲ့ကြပါဘူး။ သူတို့က အတင်းအကျပ် ခိုင်းစေတယ်။ ပြောက်ကျားတွေကို ထောက်ပံ့တယ်လို့ သူတို့က စွပ်စွဲတယ်။ ဒါပေမဲ့ ပြောက်ကျားတွေကို ငါတို့ မသိခဲ့ပါဘူး။ စစ်တပ်အတွက် ထမင်းချက်ဖို့ ငါ့သားသမီးတွေကို သစ်ပင်အောက်မှာ ထားခဲ့ရတယ်…” လို့ ဆိုပါတယ်။
မုဒိမ်းမှုနဲ့ လိင်ကျွန်ပြုမှုတို့ဟာ Q'eqchi တို့ အလွယ်တကူ ဘာသာပြန်နိုင်တဲ့ စကားလုံးတွေ မဟုတ်ပါဘူး။ “ကျမတို့ကို အလှည့်ကျ ခိုင်းစေခဲ့တယ်၊ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ကျမတို့ကို သတ်မယ်လို့ ပြောတယ်” လို့ ဘာကယ်လ်က ပြန်ပြောင်း ပြောပြပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် မာရီယာဘာကယ်လ်နဲ့ စစ်တပ်ရဲ့ ကျွန်ပြုခြင်းခံခဲ့ရတဲ့ တခြား အမျိုးသမီးတွေကို သူတို့ရဲ့အသိုင်းအဝိုင်းက ရှောင်ဖယ်ကာ ပြည့်တန်ဆာလို့ ခေါ်ခဲ့ကြပါတယ်။ ဂွါတီမာလာ ပြည်တွင်းစစ်ဟာ ဒေသတွင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရုံသာမက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရဲ့ အမွေအနှစ်လည်း ကျန်ရစ်ခဲ့ပါတယ်။
ဒေသခံလယ်သမားတဦးဖြစ်သူဒွန်ပါဘလိုဟာ ၁၉၈၀ ပြည့်နှစ်တွေအတွင်း အရပ်သားတွေကို စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ တိဂျနာ့စ်ခြံက အစုလိုက်အပြုံလိုက်သင်္ချိုင်းကို ဖော်ထုတ်ရာမှာ ကူညီခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အလောင်းတွေကို တူးဖော်ခဲ့ရာ ရုပ်အလောင်း ၅၁ လောင်း တွေ့ရှိခဲ့ပါတယ်။ တိဂျနာ့စ်က အထောက်အထားတွေဟာ Sepur Zarco အမှုမှာ အလှည့်အပြောင်းတွေထဲက တခုဖြစ်ပါတယ်။
Sepur Zarco ရဲ့ အဘူလာများ
၂၂ နှစ်ကြာ ကြားနာမှုပြုလုပ်ပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်မှာ တရားရုံးဟာ မုဒိမ်းမှု၊ လူသတ်မှု၊ ကျွန်ပြုမှုတို့နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းကို လျော်ကြေးငွေ ၁၈ မှု ခွင့်ပြုခဲ့ပါတယ်။ အမျိုးသားဥပဒေနဲ့ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေကို အသုံးပြုပြီး ပဋိပက္ခအတွင်း အမျိုးသားတရားရုံးတခုက လိင်ကျွန်ပြုမှုကို တရားစွဲခဲ့တာဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အဘူလာတွေဟာ တရားမျှတမှုနဲ့ လျော်ကြေးငွေတွေဟာ သူတို့အတွက်သာမက ရပ်ရွာတခုလုံးကို အကျိုးပြုမယ့် အပြောင်းအလဲအတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ မြေယာတောင်းဆိုမှုဆိုင်ရာ စာရွက်စာတမ်းတွေကို ပြန်လည်ဖွင့်ပေးတာ၊ ကျန်းမာရေးဌာန တည်ထောင်တာ၊ မူလတန်းကျောင်းအတွက် အခြေခံအဆောက်အဦတွေ မြှင့်တင်ပေးတာနဲ့ အလယ်တန်းကျောင်းသစ် ဖွင့်လှစ်တာတို့အပြင် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ပညာသင်ဆုတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
မာရီယာဘာကယ်လ်က “ကျမတို့ရဲ့အမှုကို တရားရုံးမှာ တင်တဲ့အခါမှာ အမှန်တရားကို ပြောပြတဲ့အတွက် အနိုင်ရမယ်လို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ “ကျမတို့အတွက်ကတော့ ကျမတို့ရဲ့အသံနဲ့ သမိုင်းကြောင်းကို ကျမတို့နိုင်ငံအတွက် သိထားဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျမတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝတလျှောက်လုံး တခြား ဘယ်သူမှ မဖြစ်ပါစေနဲ့” လို့ သူကဆိုပါတယ်။
သမိုင်းဝင် Sepur Zarco စီရင်ချက်ချပြီး ၂ နှစ်အကြာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဂွါတီမာလာ ပြည်သူ့ရေးရာဝန်ကြီးဌာနဟာ UN Women နဲ့အတူ အမှုရဲ့ကျန်ရစ်သူ အဘွား ၁၄ ဦးကို အသိအမှတ်ပြု အထူးတံဆိပ်တခု ပေးအပ်ခဲ့ပါတယ်။
အဆိုပါ Naxjolomi ဆုတံဆိပ်၊ q'eqchi ‘ဦးဆောင်သူ’ ဆိုတာဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အဘွားတွေရဲ့ ဦးဆောင်မှုကို အသိအမှတ်ပြုပြီး လျော်ကြေးပေးတဲ့ အစီအမံတွေ လက်တွေ့ဖြစ်လာစေဖို့အတွက် ဆက်လက်ဦးဆောင်မှုကို အသိအမှတ်ပြုပါတယ်။
လျော်ကြေးပေးရေး အစီအမံတွေရဲ့ တစိတ်တပိုင်းအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ Sepur Zarco ရဲ့ သမိုင်းကြောင်းကို ဖော်ပြတဲ့ ကလေးတွေအတွက် ရုပ်ပြစာအုပ်တအုပ်ကို ဖန်တီးဖို့အတွက် ဂွါတီမာလာ ပညာရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ စာအုပ်ကို ဂွါတီမာလာစီးတီးရဲ့ အလယ်တန်းကျောင်းတွေနဲ့ အယ်လ်တာဗာရာပါဇ်ဒေသက စည်ပင်သာယာရေးအဖွဲ့တွေမှာ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
Sepur Zarco စစ်ဘက်ဆိုင်ရာ ကင်းစခန်းကို ၁၉၈၈ ခုနှစ်မှာ ပိတ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ပဋိပက္ခတွေ တရားဝင် ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အဘူလာတွေကတော့ ဂုဏ်သိက္ခာနည်းနည်း၊ မြေနည်းနည်းနဲ့ စားနပ်ရိက္ခာအတွက် ဆက်ပြီး ရုန်းကန်နေရပါတယ်။
လျော်ကြေးပေးရေး အစီအစဥ် အားလုံးထဲမှာ မြေယာပြန်လည်ပေးအပ်ခြင်းဟာ အရေးကြီးဆုံး ကိစ္စတခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လျှောက်ထားတဲ့ မြေအများစုဟာ ပုဂ္ဂလိကပိုင် ဖြစ်တာကြောင့် အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတက အဖွဲ့အစည်းတခု ခန့်အပ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ပုဂ္ဂလိကပိုင်မြေကို ဝယ်ယူပြီး ပြန်လည်ဝေငှဖို့ အဖွဲ့အစည်းကို ဘတ်ဂျက်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အဘူလာတွေကြားက စကားပြောဆိုတတ်သူ ဒီမီဆီရာယတ်က သူတို့ဟာ ဘယ်လောက် အကွာအဝေးကို ရောက်လာခဲ့ပြီလဲ ဆိုတာကို အသိအမှတ်ပြုပါတယ်။
“ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုဟာ ပထမ အမျိုးသမီးအနေနဲ့ရော၊ ဒုတိယက အဘွားတွေအနေနဲ့ပါ အရမ်းအရေးကြီးပါတယ်။ တရားမျှတမှု ရခဲ့တာတော့ အမှန်ပါပဲ။ အခု ကျမတို့ သားသမီး မြေးတွေ ပညာရေးကို ရပ်ရွာတွင်းက လူငယ်တွေ အခွင့်အလမ်းတွေ ရလာပြီး စာမတတ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေလို မဟုတ်ဘူး၊ ကျမတို့ရဲ့ တောင်းဆိုချက်တွေဟာ အစိုးရနဲ့ သက်ဆိုင်ပါတယ်။ တရားမျှတမှုအတွက် နှစ်ပေါင်းများစွာ စောင့်ခဲ့ရတယ်၊ အခုတော့ လျော်ကြေးငွေကို စောင့်ရမှာပဲ” လို့ ယတ်က ဆိုပါတယ်။
Sepur Zarco အမှုဟာ မရေမတွက်နိုင်တဲ့ ထိတ်လန့်မှုနဲ့ ဆုံးရှုံးမှုတွေကို ခံနိုင်ရည်ရှိခဲ့တဲ့ အမျိုးသမီးတွေရဲ့ ပုံသွင်းထားတဲ့အတိုင်း တရားမျှတမှုအကြောင်းဖြစ်ပြီး ယနေ့ သူတို့ဟာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ တရားမျှတမှုကို တွေ့ကြုံခံစားဖို့ တောင်းဆိုနေကြပါတယ်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးတည်ဆောက်မှု ရန်ပုံငွေရဲ့ ပံ့ပိုးကူညီမှုနဲ့ UN Women ဟာ Sepur Zarco အမှုမှာ ချမှတ်ထားတဲ့ အသွင်ပြောင်းပြစ်ဒဏ်ကို အကောင်အထည်ဖော်ဖို့အတွက် အမျိုးသားအာဏာပိုင်တွေ၊ နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းတွေ၊ ဂွါတီမာလာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တခြား ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ဘာသာပြန်သူ- လီလီ
Ref: UN Women/ Sepur Zarco case: The Guatemalan women who rose for justice in a war-torn nation










