Home
မြန်မာသတင်း
မန္တလေး နန်းတွင်း၊ မြောင်မြို့နယ်နှင့် တနင်္သာရီရှိ စစ်ကောင်စီပစ်မှတ်များ တိုက်ခိုက်ခံရ 
DVB
·
August 2, 2023

စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေး နန်းတွင်းနဲ့ အမရပူရမြို့နယ်ရှိ ပလစ ထောက်လှမ်းရေး ၁၆ တပ်အတွင်းကို ၈၀ မမ လက်လုပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  No More Dictatorship People Defence Force - NMD က ထုတ်ပြန်ပါတယ်။ 

ဩဂုတ် ၁  ရက် မနက် ၄ နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ NMD  တာဝန်ရှိသူက ပြောပါတယ်။

"အချိန်မကျသေးလို့ မလုပ်သေးဘူးဆိုတာကို ပြသရင်း စစ်ရေးအရ ခြိမ်းခြောက်မှုတခု လုပ်ဆောင်ခဲ့တာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖမ်းအဆီးခံ ရဲဘော်တွေအတွက်ရယ် ကျနော်တို့ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ ပြချင်တာပါ။"

ဩဂုတ် ၁ ရက်နေ့ကို ရွေးချယ်ပြီး တိုက်ခိုက်ရတာဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုပြီး စစ်တပ်က ချွေးသိပ်ဟန်ပြတာတာမျိုးကို လက်မခံဘူးဆိုတာနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ UG တွေဟာ အထောက်အပံ့ကောင်းကောင်းရရင် ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ပြတာပါလို့  NMD မှ တာဝန်ရှိသူက ပြောပါတယ်။ 

No More Dictatorship People Defence Force – NMD အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် ၅၈လမ်း၊ ၁၂၃ လမ်း နှင့် ၁၂၄လမ်းကြားရှိ (စ) ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေ အခြေချနေထိုင်တဲ့ မြောင်မြို့ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို MSPDFနဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ဇူလိုင် ၃၁ ရက် နေလယ် ၂ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မိနစ် ၂၀ လောက်ကြာတဲ့ အဲ့ဒီတိုက်ပွဲမှာ MSPDF နဲ့  မဟာမိတ်တို့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အလစ်ငိုက်ဝင်ရောက် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘူးလို့ MSPDF ဆီက သိရပါတယ်။

MSPDF ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက “အရင်တိုက်ပွဲတုန်းက စစ်မျက်နှာ ၃ ရပ် ဖွင့်တိုက်ခဲ့တုန်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်။ ခုကလျှပ်တပြက်ဆိုတော့ ကြိုတင်ပြင်ဆင်ထားတာတွေ မလုပ်ခဲ့ရဘူး သာသာယာယာပါပဲ''လို့ ပြောပါတယ်။

မြောင်ထွေအုပ်ရုံးထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ တနှစ်ခွဲလောက်ရှိနေပြီး တိုက်ပွဲ အပြီးမှာ စစ်ကောင်စီဘက်က စက်ကလေး၊ လက်နက်ငယ်တွေနဲ့ မြို့ထဲကို ရမ်းသန်း ပစ်ခတ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇူလိုင် ၃၁ ရက်မှာပဲ မြောင်မြို့နယ် ကျောက်တန်းကျေးရွာကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို MSPDF က မိုင်းဆွဲထပ်မံတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အကျဆုံး စုံစမ်းနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်ပြီးလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာလည်း စစ်ကောင်စီကင်းစခန်း ၂ ခုကို‌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သြဂုတ် ၁ ရက် နေ့လယ် ၁ နာရီခွဲလောက်က ညောင်ပင်ကွင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းတခုကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဆိုင်ကယ် ၄ စီး မောင်းနှင်လာပြီး လာရောက်ပစ်ခတ် တိုက်ခိုက်သွားခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“ကျောင်းအနောက်လမ်းကနေ ဖြတ်ပြီး ဘောလုံးကွင်းကနေ လာပစ်သွားတာတဲ့။ အချက်ပေါင်း ၃၀ လောက် ဆက်တိုက်ပစ်ပြီး မောင်းထွက်သွားတယ်။”

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတချို့က တံတားကို ဖြတ်သန်းခွင့်မပေးခဲ့ဘဲ ထုံမခါ‌ကျေးရွာဘက်ကလာတဲ့ ဆိုင်ကယ်တွေကို လိုက်လံစုံစမ်း မေးမြန်းနေတာကြောင့် တံတားဖြတ်ကူးမယ့် ဆိုင်ကယ်တွေနဲ့ နာရေးကားတချို့ အချိန်ကြန့်ကြာခဲ့ရကြောင်း သိရပါတယ်။

သြဂုတ် ၁ ရက် ည ၇ နာရီလောက်မှာလည်း တနင်္သာရီမြို့နယ် ‌ဗောဓိကမ်းတံတားမှာရှိတဲ့ စစ်ကောင်စီ ကင်းပုန်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

‌ဒေသခံတဦးက “စကစဘက်ကပဲ ပစ်နေတာ။ PDF တွေက ခဏလောက်ပဲပစ်ပြီး ပြန်သွားကြတာ။ PDF ၅ယောက်လောက်ပဲ လာပစ်သွားတာတဲ့” လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်စလုံးမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိ၊ မရှိကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေပိုင်းကလည်း တနင်္သာရီမြို့နယ်ထဲက စစ်ကောင်စီ ရဲကင်းစခန်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သွားရောက် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024