
တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၃ ဦးကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ကိုအောင်ငယ်(ခ)သက်ဝေ ဆိုသူကို ဇူလိုင် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ဘဒ္ဒနဲကျေးရွာအုပ်စု ရှမ်းပုံကျေးရွာမှာ ပျူစောထီးအဖွဲ့ကနေ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်စာမျက်နှာတွေမှာတော့ ဖမ်းဆီးခံရသူမှာ တနင်္သာရီမြို့နယ် လယ်သစ်ရွာအခြေစိုက် PDF အဖွဲ့ဝင်ဖြစ်ပြီး ပျူစောထီးတွေဆီကနေ လက်နက်တွေ ခိုးယူပြီးတော့ ပျူစောထီးတွေကို ရှင်းလင်းဖို့လာတဲ့အချိန် မိုင်းသွေးကျေးရွာ ပျူစောထီးတွေက ဖမ်းမိခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ကျွန်းစုမြို့နယ် (ပကဖ) ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “သူက PDF အဖွဲ့က မဟုတ်ဘူးဗျာ။ သူတို့က စွပ်စွဲပြီးဖမ်းတာပါ။ ဖမ်းခံရတဲ့သူက ဆေးကြောင်နေတယ်လို့ ကြားတယ်။ PDF ထဲကတော့ မဟုတ်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဖမ်းဆီးထားတဲ့ ကိုအောင်ငယ်(ခ)သက်ဝေကို ဥပဒေနဲ့အညီ အရေးယူဖို့အတွက် နယ်မြေခံရဲစခန်းကို လွှဲပြောင်းကာ အမှုဖွင့် အရေးယူဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။
အဆိုပါနေ့ကပဲ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာနေ အသက် ၆ဝ ကျော်အရွယ် ဦးမောင်ဆန်းအား PDF အဖွဲ့အား ထောက်ပံ့သူလို့စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူက ဆီဆိုင်ရောင်းနေတာပါ။ သူ့စီးပွားရေးနဲ့သူ လုပ်စားနေတာကြာပြီ။ PDF မဖြစ်နိုင်ဘူး။ ဒါက သူတို့စွပ်စွဲချက်ပါ။ လုပ်ချင်တိုင်းလုပ်နေတာ သံသယရှိတာနဲ့ သူတို့မှန်တယ်ထင်နေတာလေ” လို့ ပြောပါတယ်။
ဒ့ါအပြင် တနင်္သာရီမြို့နယ်ထဲက ကျွဲထိန်းကုန်းကျေးရွာက အသက် ၄၂ အရွယ်ဇော်မင်း(ခ)လင်းလင်း ဆိုသူကိုလည်း စစ်ကောင်စီတပ်ကနေ PDF အဖွဲ့ဝင်လို့စွပ်စွဲပြီး ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် သဇင်ကျေးရွာမှာ စက်လှေ ၁ စီးပေါ်ပါလာတဲ့ မွေးကင်းစအရွယ်ကလေးအပါအဝင် ကျောင်းနေအရွယ် ၂ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို PDF ထောက်ပံ့သူတွေလို့ စွပ်စွဲကာ စစ်ကောင်စီရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားကြောင်း သိရပါတယ်။










