DVB Logo
Home
မြန်မာသတင်း
ရော်ဘာဈေးနှုန်းမြင့်တက်လာသော်လည်း တောင်သူများ တွက်ခြေမကိုက်
DVB
·
August 2, 2023
ရော်ဘာဈေးနှုန်းမြင့်တက်လာသော်လည်း တောင်သူများ တွက်ခြေမကိုက်
1 / 4
Donate to DVB

ရော်ဘာဈေးတက်နေပေမဲ့ သွင်းအားစုစရိတ်မြင့်တက်မှုနဲ့ လုပ်သားခဈေးကြီးတာကြောင့် တွက်​ခြေမကိုက်ဘူးလို့ ရော်ဘာစိုက်တောင်သူတွေက ပြောပါတယ်။

ရော်ဘာဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က ကျပ် ၁၀၀၀ မှ ၁၂၀၀ ထိသာရှိခဲ့သော်လည်း အခုနှစ်မှာ ကျပ် ၁,၅၀၀ ကနေ ၁,၆၀၀အထိ မြင့်တက်ခဲ့ပါတယ်။

ရော်ဘာခြံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းရှင်တဦးက “လက်ရှိ ရော်ဘာဈေး ကောင်းတာလား မကောင်းဘူးလားဆိုတာ ပြောရနည်းနည်းခက်ပါတယ်။ လက်ရှိသွင်းအားစုစရိတ်တွေနဲ့ လုပ်သားခတွေက ၃ ဆလောက်တက်နေပေမယ့် ရော်ဘာဈေးနှုန်းက အဲ့လောက် လိုက်မတက်လာဘူးလေ။ အခုကျနော်ပြောတာ သွင်းအားစု စရိတ်တခုပဲရှိတာ ကျန်တာ အများကြီးရှိသေးတယ်။ ကျနော့်အမြင်ဆိုရင် ရော်ဘာဈေးတက်တယ်လို့ ကျနော် မထင်ဘူး" လို့ ပြောပါတယ်။

မြေသြဇာဈေးနှုန်းဟာ အရင်နှစ်က တအိတ်ကို ကျပ် ၄၀၀၀၀ သာရှိပေမယ့် အခုနှစ်မှာ ကျပ် ၁၃၀,၀၀၀ အထိ မြင့်တက်လာပြီး ပျမ်းမျှလုပ်အားခမှာလည်း  ကျပ် ၅,၀၀၀ ကနေ ကျပ် ၁၂,၀၀၀ အထိ တက်လာပါတယ်။

မွန်ပြည်နယ်မှ ရော်ဘာစိုက်ပျိုးသူတဦးက “ရော်ဘာဈေးက နည်းနည်းလေးတက်တယ်ဆိုပေမယ့် တွက်ခြေမကိုက်ပါဘူး။ ရော်ဘာခြံက နှစ်စဥ် စက်တွေနဲ့ တောခုတ်ရတော့ ဆီဈေးတွေ တက်နေတာနဲ့ လုပ်အားခတွေ ပိုပေးရတော့ ကုန်ကျစရိတ်တွေက ပိုများလာပါတယ်။ မြေသြဇာဈေးတွေကလည်း မိုးထိတက်တော့ ပုံမှန်သုံးနေကျနှုန်းထက် တဝက်လောက် လျှော့ထည့်ရတယ်။ မြေသြဇာထည့်တာနည်းတော့ အထွက်နှုန်းလည်း နည်းသွားတယ်” လို့ ပြောပါတယ်။

ရော်ဘာအထွက်နှုန်းနည်းတာ၊ သွင်းအားစုစရိတ် မြင့်မားတာ၊ ဈေးကောင်းမရတာနဲ့ လုပ်သားရှားပါလာတာကြောင့် ရော်ဘာအပင် ခုတ်လှဲရောင်းချမှုတွေ ရှိလာတယ်လို့ ကျိုက်ထိုမြို့ရှိ ရော်ဘာစိုက်ပျိုးသူတွေက ပြောပါတယ်။

လက်ရှိအချိန်ဟာ မိုးသည်းထန်စွာရွာသွန်းပြီး အထွက်နှုန်းကျဆင်းတာကြောင့် ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းတွေ ခေတ္တရပ်နားထားတာတွေရှိတယ်လို့ ရော်ဘာစိုက် တောင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိပြီး မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အများဆုံးစိုက်ပျိုး​ကာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာလည်း စိုက်ပျိုးကြပါတယ်။

မြန်မာ့ရော်ဘာကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးမှ အဓိကတင်ပို့ပြီး အိန္ဒိယ၊  မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကိုလည်း ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013