
ထိုင်းနိုင်ငံ၊ ဘန်ကောက်အပါအဝင် ၅၁ ခရိုင်မှာ စက်တင်ဘာ ၂၅ မှ ၂၇ ရက်အထိ မိုးသည်းထန်ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာနဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထိုင်းမိုးဇလဌာနက ဒီကနေ့မနက် ၅ နာရီမှာ ထုတ်ပြန်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသက အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းအရှေ့မြောက် အောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ ဘန်ကောက်ဧရိယာအနီးတဝိုက်ကို ထိုင်းအထက်ပိုင်း မုတ်သုန်လေလမ်းကြောင်းနဲ့အတူ ရွေ့လျားဖြတ်သန်းသွားမှာဖြစ်တယ်။ ကပ္ပလီပင်လယ်ပြင်၊ တောင်ပိုင်းဒေသ နဲ့ ထိုင်းပင်လယ်ကွေ့မှာ တိုက်ခတ်နေတဲ့ အနောက်တောင်မုတ်သုန်လေဟာလည်း ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာ၊ မိုးရေတွေ စုစည်းလာတာကြောင့် ဖြစ်ပေါ်တတ်တဲ့ ရုတ်တရက်ရေကြီးတာနဲ့ တောင်ကျချောင်းရေရဲ့ ဘေးအန္တရာယ်တွေကို သတိ ထားဖို့ သတိပေးတယ်။
အထူးသဖြင့် ရေစီးကြောင်းရှိတဲ့ တောင်စောင်းဒေသ၊ အနိမ့်ပိုင်းဒေသ နေထိုင်သူတွေ၊ မကြာခဏ ရေကြီးတဲ့ဒေသတွေ၊ ရေဝပ်နေတဲ့ အနိမ့်ပိုင်းဒေသတွေ သတိပိုထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ လှိုင်းတွေပိုမိုအားကောင်းမယ်၊ ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းနဲ့ ကပ္ပလီပင်လယ်အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းကျတဲ့နေရာမှာ လှိုင်းအမြင့် ၃ မီတာထက်ကျော်နိုင်တယ်၊ ပင်လယ်ကွေ့ အောက်ပိုင်း၊ ကပ္ပလီပင်လယ်အောက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာထိ တက်နိုင်မယ်။ ဒါကြောင့် ပင်လယ်နားနီးနေထိုင်သူတွေ စက်တင်ဘာ ၂၇ ရက်နေ့ထိ လှေမထွက်ဖို့ သတိပေးထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းနိုင်တဲ့ ခရိုင်တွေကတော့ မြောက်ပိုင်းဒေသမှာ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဥဒရဒေ့ချ်၊ ဆုခိုထိုင်း၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်ခရိုင်တို့ဖြစ်ပြီး အထူးသဖြင့် ဖစ်ချဘွန်းမှာ ပိုသည်းထန်နိုင်မယ်လို့ ဆိုပါတယ်။
အရှေ့မြောက်ပိုင်း အီဆန်ဒေသ - လွေး၊ နောင်ဘိုလမ်းဖူး၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ ကားလားဆင်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ဘူရီရမ်၊ ဆီစကစ် တို့ဖြစ်ပြီး နခွန်းရာ့ချ်ဆီမားခရိုင်မှာ မိုးပိုကြီးမယ်လို့ ဖော်ပြထားပါတယ်။
အလယ်ပိုင်းဒေသ - ဥထိုင်းဌာနီ၊ ရာ့ချ်ပူရီ၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခလမ်းတို့ဖြစ်ပြီး နခွန်းဆဝမ်၊ ချိုင်းနတ်၊ ဆင်းပူးရီး၊ အန်ထောင်း၊ လုပ်ပူရီ၊ ဆရပူရီ၊ အယုဒ္ဓယ၊ ဆုဖန်းပူးရီး၊ ကန်ကျနပူရီ၊ နခွန်းပထုန် နဲ့ ဘန်ကောက်အနီးတဝိုက်မှာ မိုးပိုကြီးနိုင်ပါတယ်။
အရှေ့ပိုင်းဒေသမှာ နခွန်းနာယုဒ်၊ ပရာကျင်းပူရီ ၊ ဆာကယောက် ၊ ချချိန်းဆောင်း ၊ လယောင်း ၊ ကျန်ထပူရီ နဲ့ တရတ် တို့ ဖြစ်ပါတယ်။
တောင်ပိုင်းမှာတော့ ဖစ်ချ်ပူရီ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်း၊ ရနောင်း နဲ့ စူရတ်ဌာနီခရိုင်တွေ ဖြစ်ပါတယ်။
ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေဒေသမှာတော့ စက်တင်ဘာ ၂၃ ရက်ကတည်းက မိုးသည်းထန် ရေကြီးရေလျှံနေပြီး မနေ့မနက် ၅ နာရီလောက်က နိုင်ငံခြားသား ၃ ယောက် ဘန်လမွန်းမြို့ နောင်ပရီ ရပ်ကွက် ရေနုတ်မြောင်းဘေးလမ်းလျှောက်လာစဉ် ရေစီးသန်လာပြီး ၂ ယောက် ရေထဲ ပါသွား ပါတယ်။
ကျန်တယောက်မှာ တံတားလက်ရန်းဆွဲကိုင်ထားနိုင်လို့ ဘေးကင်းသွားတယ်၊ သူဟာ အဖော် တယောက်ကိုသာ ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး ကျန်တယောက်ကတော့ ရေထဲမျောသွားတယ်၊ ကယ်ဆယ်ရေးအဖွဲ့က အချိန် ၇ နာရီကြာ လိုက်လံရှာဖွေပေမဲ့ မတွေ့သေးဘူးလို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၅ ရက် ဒီကနေ့မှာလည်း ပတ္တယားမြို့ထဲမှာရော ဘန်ကောက် လတ်ကရဘန်းနယ်မြေ ကိန်ကယောက်လမ်း၊ ကျဲန့်ဝပ်ထနလမ်း၊ နွန်ထပူရီ ဘန့်ယိုင်ရှိ ရပ်ကွက်ထဲနဲ့ လမ်းမကြီးတွေမှာ ရေဝင်ပြီး သွားလာရခက်ခဲနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: TNN Earth / Thai News / MGROnline











