DVB Logo
Home
နိုင်ငံတကာ
ပတ္တယားတွင်  လေယာဉ်ငယ်ပျက်ကျပြီး  မောင်းသူ ဒဏ်ရာပြင်းထန် 
DVB
·
October 13, 2026
Photo:  Pattayaonlinenews  
Photo:  Pattayaonlinenews  
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့နယ်၊ ပတ္တယားကမ်းခြေဒေသမှာ အောက်တိုဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းက  အသေးစားလေယာဉ်ပျံတစင်း ပျက်ကျသွားပြီး လေယာဉ်မောင်းသူ အပြင်းအထန်ဒဏ်ရာရသွားတယ်လို့  ပတ္တယားဒေသတွင်းသတင်းမှာ ဖော်ပြပါ တယ်။

ဒီမနက် ၁၁ နာရီ ခွဲလောက်က ဘန်လမွန်းမြို့၊ နောင်ပရီရပ်ကွက်၊ ထုန့်ကလုမ်တာမန်လမ်းထဲမှာ လေယာဉ်ငယ်တစင်းပျက်ကျပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းရတာကြောင့် နောင်ပရီ ရဲစခန်းတာဝန်ရှိသူတွေနဲ့အတူ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆဝမ်ဘောရီဘွန်း ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်ပွါးရာနေရာမှာ ဘိလပ်မြေစက်ရုံနဲ့ ကပ်လျက် မြက်ခင်းပြင်မှာဖြစ်ပြီး အပြာရောင်နဲ့ အဖြူရောင်အစင်းကြား Bellanca 7GCAA Citabri အမျိုးအစား လေယာဉ်ပျံငယ်တစင်းပျက်ကျ နေတယ်၊ ဒီမတိုင်ခင်က လေယာဉ်ဟာ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးဆိုင်ရဲ့ နံရံကိုလည်း ဝင်တိုက်ခဲ့တာကြောင့် ဆိုင်ရဲ့ ခေါင်မိုးနဲ့ နံရံတွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရသူမှာ  အသက် ၃၂ နှစ်ရွယ်ရှိ မာတင်ဘူဘာ ဆိုသူ ထိုင်း- ဂျာမန်စပ် လေယာဉ်မှူး ဖြစ်ပြီး ဦးခေါင်းနဲ့  မျက်နှာမှာ ပြင်းထန်တဲ့ဒဏ်ရာရတဲ့အပြင် ဘယ်ဘက်လက်မောင်း ကျိုးသွားကာ ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ရှေးဦးသူနာပြုစုပြီး ဘန်ကောက်-ပတ္တယားဆေးရုံကြီးကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဖြစ်စဉ်ကို တွေ့မြင်ပြီး  ဗွီဒီယိုရိုက်ယူခဲ့တဲ့ နိုင်းဆုမ်ချိုင်းဆိုသူ ဒေသခံရဲ့ ပြောပြချက်အရ - အဲဒီလေယာဉ်ဟာ လေဆိပ်ကနေ အပေါ်ပျံတက်ပြီး ၂ မိနစ်လောက်အကြာမှာ ပြန်လှည့်လာပြီး မြေပြင်ပေါ်ဆင်းသက်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ အင်ဂျင်အားမလုံလောက်သလို ဖြစ်ပြီး  Go-Around နဲ့   အရှိန်ယူဖို့  လေယာဉ်ကို အမြင့်သို့တက်ရန်ကြိုးစားခဲ့ပေမဲ့ အနောက်ဘက်ကို ထိုးကျ ပျက်စီးသွားတာလို့ ဆိုပါတယ်။ 

ရဲစခန်းတာဝန်ရှိသူတွေကတော့ လေယာဉ်မတော်တဆ ပျက်ကျရတဲ့အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးနေ ပါတယ်။ 

Source:  Pattayaonlinenews  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013