အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲမှာ ရက်ပေါင်း ၂၅၀ ကျော် တာဝန်ထမ်းဆောင်ပြီး အမိမြေ အမေရိကန်နိုင်ငံကို မပြန်ခင် ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမှာ လာရောက်အပန်းဖြေခဲ့ကြတဲ့ အမေရိကန်စစ်သား ၅, ၀၀၀ ကျော်ဟာ စက်တင်ဘာ ၆ ရက်က ပြန်လည်ထွက်ခွာသွားကြပါတယ်။
USS Abraham Lincoln – CVN 72 နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးနဲ့ အရန်သင်္ဘောကြီး ၂ စီးနဲ့ လိုက်ပါသွားမဲ့ အမေရိကန်စစ်သည်တွေကို ချွန်းပူးရီးခရိုင် လဲမ်ချဘန်း ရေနက်ဆိပ်ကမ်းမှာ ဆိပ်ကမ်းအာဏာပိုင်၊ ပတ္တယားမြို့တော်ဝန်၊ ဘန်လမွန်းနဲ့ ဆီရားချား မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက လုံခြုံရေးအပြည့်နဲ့ နှုတ်ဆက်ပို့ဆောင်တယ်၊ ထိုင်းပြည်သူတွေကလည်း စည်ကားစွာ သွားရောက်နှုတ်ဆက်ပြီး ခမ်းနားလှတဲ့ သင်္ဘောကြီးကိုလည်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြပါတယ်။
စက်တင်ဘာ ၅ ရက် ညကလည်း ခရိုင်အုပ်ချုပ်ရေးနဲ့ ပတ္တယားစည်ပင်သာယာရေးဝန်ကြီး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ညစာစားပွဲနဲ့ နှုတ်ဆက်ခဲ့ပါတယ်။
USS Abraham Lincoln သင်္ဘောကပ္ပတိန် Dan Keeler ကလည်း ထိုင်းပြည်သူတွေရဲ့ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှုအတွက် ကျေးဇူးတင်ကြောင်း၊ ပတ္တယားကို လာရောက်လည်ပတ်တာဟာ တာဝန်တွေကို မနားတမ်း ထမ်းဆောင်ခဲ့ရတဲ့ စစ်သည်တွေအတွက် အနားယူ စွမ်းအင်ဖြည့်တင်းဖို့ အရေးပါတဲ့ အခွင့်အရေးတရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ ထင်ရှားတဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနဲ့အတူ နွေးထွေးတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် ခရီးစဉ်တခုလုံးမှာ တပ်ဖွဲ့ဝင်တွေကို အထူးစွဲမက်စေခဲ့တယ်၊ ထိုင်းမဟာမိတ်တွေရဲ့ ကြိုဆိုမှုကို ကျေးဇူးတင်ရှိပြီး ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းက တခြားမဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်သည်တွေဟာ စက်တင်ဘာ ၂ ရက်မှ ၅ ရက်ထိ (၄ ရက်တာ) ကာလအတွင်း ပတ္တယားမှာ အစားအသောက်တွေ၊ အသုံးအဆောင်ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေ ဝယ်ယူခဲ့တယ်၊ ထိုင်းရိုးရာ ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်တယ်။ အနှိပ်ခန်းတွေမှာ အပန်းဖြေပြီး ဆင်တွေနဲ့လည်း ကစားခဲ့ကြကာ ဈေးသည်တွေကလည်း ရောင်းကောင်းတယ်လို့ ပြောကြပါတယ်။
ပတ္တယားမြို့တော်ဝန်ကတော့ သူတို့ လည်ပတ်ခဲ့တဲ့ကာလမှာ ဒေသတွင်း ဝင်ငွေ ဘယ်လောက်ရတယ်ဆိုတာ အတိအကျ တွက်ဆလို့ မရပေမဲ့ စစ်သည်တယောက်ကို ထိုင်းဘတ် ၃,၀၀၀ ခန့် သုံးစွဲမယ်လို့ ခန့်မှန်းရတယ်။
ဒါပေမဲ့ ငွေကြေးပမာဏထက် ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ပုံရိပ်နဲ့ အတွေ့အကြုံ၊ ဒေသတွင်း ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ပိုပြီးအရေးကြီးတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: MGROnline / CH3 TV News / Sattahip News











