DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၃၈၆၀ ကျော်ထိ မြင့်တက်
DVB
·
August 1, 2023
စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၃၈၆၀ ကျော်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၈၆၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၁၃၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၁၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၇၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၄၁၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဒုတိယဝါဆိုလပြည့် ဒီကနေ့မှာ နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား ၇,၇၄၉ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) နဲ့ လွှတ်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး အေအေပီပီအနေနဲ့ ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းတွေအရ အယောက် ၁၀၀ ဝန်းကျင်ကို အတည်ပြုနိုင်ခဲ့ပြီး အယောက် ၂၀ ကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လကုန်အထိ ၇ လတာကာလအတွင်း နိုင်ငံတဝန်း ပညာရေးကဏ္ဍက ဆရာ၊ ဆရာမတွေ အပါအဝင် ဝန်ထမ်း အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၃၄ ယောက်၊ စုစုပေါင်း ၄၈ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ကာ အဲဒီ ၄၈ ယောက်ထဲမှာ မန္တလေးတိုင်းက ၁၉ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဖွင့်လှစ်ထားတဲ့ Bright Future Federal School မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ ၂ ယောက်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်မင်းဌေး၊ စာသင်ကြားပေးတဲ့ CDM ကျောင်းဆရာ ဦးဝေယံမင်းထိုက်နဲ့ ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းတို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုတပ်က ဖမ်းဆီးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013