
ပြည်သူလူထုစားဝတ်နေရေး ပြေလည်စေဖို့ ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်း အပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ဖို့ဆိုပြီး စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့မှာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မတီကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
ကော်မတီဟာ ပထမအဆင့်အနေနဲ့ အခြေခံစားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်း ဈေးနှုန်းတွေ တည်ငြိမ်ရေး ဦးစားပေးဆောင်ရွက်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကော်မတီရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အခြေခံစားကုန်ပစ္စည်း တမျိုးစီရဲ့ ပြည်တွင်းစားသုံးဖို့ လိုအပ်ချက်နဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆပြီး ညီညွတ်မျှတစေရေး စိစစ်ဆောင်ရွက်ဖို့၊ ဒေသတွေအလိုက် ကုန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့ လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအတွက် အဖွဲ့အစည်းတွေကို တာဝန်ပေးဖို့၊ ကုန်ပစ္စည်းထွက်ရှိရာ ဒေသတွေကနေ စားသုံးတဲ့ ဒေသတွေဆီ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရာမှာ ကုန်ကျစရိတ်ကြီးမြင့်တာ၊ ကြားခံအဆင့်တွေ များပြားတာ၊ သယ်ယူတဲ့ လမ်းခရီးမှာ မလိုအပ်ဘဲ ထိန်းချုပ်မှုတွေ မဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့ ၁၀ ချက် ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝင်ငွေလျော့နည်းလာတဲ့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။
စားသောက်ကုန်ဈေးနှုန်းတွေဟာ အာဏာမသိမ်းခင်က ဈေးနှုန်းနဲ့ယှဉ်ရင် သုံးဆလောက် ကြီးမြင့်နေပါတယ်။
တဖက်မှာလည်း ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး အခုအခါမှာ တဒေါ်လာ ကျပ် ၃,၀၀၀ အထက် ရောက်နေချိန်မှာ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်တွေ ထုတ်ဝေလိုက်တာကြောင့် ဒေါ်လာဈေး ပိုတက်လာပါတယ်။