DVB Logo
Home
မြန်မာသတင်း
ပြည်အကျဉ်းထောင်မှ နိုင်ကျဉ်း ၅ ဦးနှင့် ရဲပြေး၊ စစ်ပြေး အပါအဝင် အကျဉ်းသား ၁၀၁ ဦး ပြန်လွတ်
DVB
·
August 1, 2023
ပြည်အကျဉ်းထောင်မှ နိုင်ကျဉ်း ၅ ဦးနှင့် ရဲပြေး၊ စစ်ပြေး အပါအဝင် အကျဉ်းသား ၁၀၁ ဦး ပြန်လွတ်
Donate to DVB

ပြည်အကျဉ်းထောင်ကနေ ရဲပြေး၊ စစ်ပြေးတွေအများစု အပါအဝင် အကျဉ်းသား စုစုပေါင်း ၁၀၁ ယောက်ကို ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဒီအထဲက လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက်ကိုတော့ ရဲစခန်းကို ကားနဲ့ခေါ်သွားပြီးမှ ပြန်လွှတ်ပေးလိုက်တယ်လို့ ထောင်ဝန်ထမ်းနဲ့ နီးစပ်သူထံက သိရပါတယ်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေကနေ အကျဉ်းသားအကျဉ်းသူပေါင်း ၇,၇၄၉ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ရမှာ ပြည်ထောင်ကနေ  လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဥ်းသား ၅ ယောက် အပါအဝင် အကျဉ်းသား ၁၀၁ ယောက်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြန်လွတ်တာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ မိုးမေတ္တာပရဟိတအဖွဲ့က ကိုမျိုးညိန်းဇော်၊ ကိုကျော်စွာမိုး၊ ကိုမင်းမင်းဦး (ခ) အိချောပို၊ ရှေ့နေ ကိုဖြိုးသူအောင်၊ ဒေါ်စန္ဒာမိုး (ခ) မိမုန်းတို့ဖြစ်ပြီး အားလုံးက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထောင်ချခံထားသူတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က ပြောပါတယ်။

“သူတို့က တန်းမလွှတ်သေးဘူး၊ မနက်ကတည်းက လွှတ်လူဆိုပြီး ထောင်ဘူးထဲမှာ ထိုင်စောင့်နေရပြီး နေပြည်တော်က ဘုရားကြီးဖွင့်ပွဲလွှင့်တဲ့ MRTV ကဟာကို ထိုင်ကြည့်ပေးရတယ်။ နောက် နိုင်ကျဉ်းမိသားစုတွေကို အထဲကိုခေါ်ပြီး ကားတစီး ငှားခိုင်းတယ်။ အဲ့ဒီကားနဲ့ လွတ်တဲ့ နိုင်ကျဉ်းငါးယောက်ကို တင်ပြီး အမှတ် ၃ ရဲစခန်းကို အရင်ခေါ်သွားပြီး အဲ့ဒီကနေ လက်မှတ်ထိုးပြီးမှ လွှတ်ပေးတယ်။”

ကျန်တဲ့ အကျဉ်းသားတွေကတော့ ရဲပြေး၊ စစ်ပြေးတွေနဲ့ တခြားရာဇဝတ်မှု ကျူးလွန်တဲ့သူတွေ ပြန်လွတ်လာတယ်လို့လည်း အကျဉ်းထောင်ဝန်ထမ်းနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းထားတဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄,၁၂၃ ဦးရှိခဲ့ပြီး အခု လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၁၉,၇၃၃ ဦးရှိကာ ပြန်လည်လွတ်မြောက်လာသူ ၄,၃၉၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013