DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးမြင့်တက်လာသဖြင့် အင်းလေးစက်လှေမောင်းသူတချို့ လုပ်ငန်းရပ်နားထားရ
DVB
·
August 1, 2023
စက်သုံးဆီဈေးမြင့်တက်လာသဖြင့် အင်းလေးစက်လှေမောင်းသူတချို့ လုပ်ငန်းရပ်နားထားရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်တာကြောင့် စက်လှေမောင်းသူတွေ အခက်အခဲဖြစ်နေပြီး လုပ်ငန်းရပ်နားထားသူတွေ ရှိလာတယ်လို့ သိရပါတယ်။

အခုမိုးတွင်းကာလမှာ ပြည်တွင်းပြည်ပ ခရီးသည်လာရောက်မှု နည်းပါးတဲ့အပြင် အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အင်းလေးကန်အတွင်း ခရီးသည်တွေကို ဘုရားဖူးလိုက်ပို့ပေးတဲ့ စက်လှေမောင်းသမားတချို့ လုပ်ငန်းရပ်နားထားရပါတယ်။

ညောင်ရွှေမြို့နေ စက်လှေမောင်းသမားတဦးက “ကျနော်တို့က အသွားအပြန်တခေါက်ကို ၂၅,၀၀၀ ယူတယ်။ အခုက ဆီဈေးကတက်နေတော့ ကျနော်တို့အတွက် အဆင်မပြေဘူး။ ခရီးသည်တွေကို ပိုတောင်းလို့လည်းမရဘူး။ လူပြည့်အောင် စောင့်ခိုင်းရတာပေါ့။ မဟုတ်ရင် သူလည်းမသွားရ၊ ကိုယ်လည်း အဆင်မပြေဖြစ်တယ်။ ဆီဈေးတွေကတက်လည်း ကျနော်တို့က စက်လှေခ ပိုကောက်လို့မရတဲ့ အခြေအနေမှာ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကစပြီး ဗဟိုဘဏ်ကနေ ၂ သောင်းတန်ငွေစက္ကူ ထုတ်မယ်လို့ ကြေညာပြီးနောက်မှာ အင်းလေးဒေသထဲ မူလက ၉၂ အောက်တိန်း တလီတာ ၂,၁၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်အထိ မြင့်တက်လာပြီး ဒီဇယ်တဂါလန် ၈,၀၀၀ ကျော်ကနေ ၁၁,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာခဲ့ပါတယ်။

စက်လှေအသွားအပြန်တခေါက်ကို ဒီဇယ် ၂ ဂါလန်ကျော်ကုန်ပြီး အင်းလေးဒေသမှာ စက်လှေ ၅၀၀ ကျော်ရှိတဲ့အနက် ၁၀၀ လောက် ရပ်နားထားတယ်လို့ ဆိုပါတယ်။

စက်လှေလုပ်ငန်းရပ်နားထားသူတဦးက “အပြီးနားလိုက်တာတော့ မဟုတ်ဘူးပေါ့၊ ခရီးသည်ပါးတာရော၊ ဆီဈေးတက်တာရောနဲ့ ခဏနားတာ။ စက်လှေရောင်းသွားတဲ့သူတောင်ရှိတယ်။ လုပ်ငန်းက လုပ်ကိုင်ရ အဆင်မပြေလို့လေ။ ဦးလေးက ပွင့်လင်းရာသီ ဒီဇင်ဘာ ဇန်နဝါရီလောက်မှပဲ ပြန်မောင်းမယ်။ အခုတော့ ရေပေါ်ခြံတွေမှာပဲ နေ့စားလိုက်၊ အသီးတွေခူး၊ အသီးရွေးပေါ့၊ ဒါက ပုံမှန်ဝင်ငွေရသေးတယ်” လို့ ပြောပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးကန်ထဲကို စစ်အာဏာမသိမ်းမီက ပြည်တွင်းပြည်ပ ခရီးသည်တွေဟာ တနှစ်မှာ ၁၂ သိန်းကျော် ဝင်ရောက်လည်ပတ်ခဲ့ပေမဲ့ ကိုဗစ်ရောဂါ ပြန့်ပွားကူးစက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် ခရီးသည်လာရောက်လည်ပတ်သူတွေ နည်းပါးသွားခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013