DVB Logo
Home
Lead Story
မိုက်မဲကြသူများ
DVB
·
August 1, 2023
မိုက်မဲကြသူများ
1 / 2
Donate to DVB

အသေဝနာ စ ဗာလာနံ၊

ပဏ္ဍိတာနဉ္စ သေဝနာ။

ပူဇာ စ ပူဇနေယျာနံ၊

ဧတံ မင်္ဂလ မုတ္တမံ။

(မင်္ဂလသုတ်ပါဠိတော်မှ)

သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း တရား ၃ ပါးကို မြတ်သောမင်္ဂလာဟူ၍ မှတ်သားလော့။ (မင်္ဂလသုတ်ပါဠိတော်မှ မြန်မာပြန်ချက်)

လောကမှာ မိုက်မဲသူများစွာ ကြုံဖူးကြပါလိမ့်မယ်။

တချို့က တပါးသူမထိခိုက်စေဘဲ မိုက်မဲကြပါတယ်။

တချို့ကတော့ တပါးသူကို ထိခိုက်စေလောက်အောင် မိုက်မဲကြပါတယ်။

တချို့ကတော့ လူသားပေါင်းများစွာရဲ့ မျက်ရည်နဲ့ရင်းပြီး အချိန်အကြာကြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေလောက်အောင် မိုက်မဲကြတာဖြစ်ပါတယ်။ သူတပါးမိုက်မဲတာ ကိုယ်နဲ့မဆိုင်ဘူး ဆိုပေမဲ့ သူ့ရဲ့မိုက်မဲမှုဟာ သင်နဲ့ သင့်လူမှုအဖွဲ့အစည်းကို သေရေး ရှင်ရေးတမျှ ဘဝပျက်လောက်အောင် ထိခိုက်စေခဲ့မယ်ဆိုရင်တော့ သင်သိဖို့ လိုအပ်နေပါပြီ။

ကျနော်တို့ဟာ လက်ရှိအခြေအနေမှာ လူမိုက်တယောက် သို့မဟုတ် လူမိုက်များစွာကို မဖြစ်မနေ ကြုံတွေ့နေရပါတယ်။ ဒါဆို ကျနော်တို့ ဘာလုပ်သင့်သလဲ။ သူနဲ့ မပတ်သက်ဘူး။ ရပြီလား။ ဟုတ်ပြီ။ တချို့လူမိုက်တွေက မပတ်သက် မဆက်ဆံရုံနဲ့ အဆင်ပြေပြေ နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တချို့လူမိုက်တွေက မဆိုင်သလိုနေရုံနဲ့ ပြေလည်မသွားတဲ့အပြင် ကျနော်တို့ဘဝတွေကို သေရေးရှင်ရေးအထိ ဒုက္ခပေးလာပါလိမ့်မယ်။ ဒါဆို ကျနော်တို့အနေနဲ့ တခုခုတော့ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ နိုင်တဲ့ဘက်ကပေါ့ဗျာ။ ဘေးရန်တွေ ရှောင်ရင်းပေါ့။

လူမိုက်တွေဟာ သူတို့ကျူးလွန်ခဲ့ပြီး သူတပါးကို စွပ်စွဲကြပါတယ်။ ဥပမာပြောရရင် ဗုဒ္ဓဘာသာရဲ့ အခြေခံ ငါးပါးသီလကိုတောင် မလုံခြုံနိုင်၊ အနိုင်ကျင့်ဖောက်ဖျက်ပြီး အမျိုးဘာသာ သာသနာဆိုတာတွေ နှုတ်က မချတာမျိုးပါ။ ဘုန်းကြီးတစ္ဆေလို သူက ကမ္မဝါ အရင်ရွတ်သွားတာမျိုး ဆိုပါတော့။ နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့အညီ ဆန္ဒပြနေကြတဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး လက်နက်မဲ့ပြည်သူကို အနိုင်ကျင့် ရက်စက် ယုတ်မာပါတယ်။ ကဲ ပြည်သူက မခံနိုင်တဲ့အဆုံး မိမိနဲ့ မိမိလူမှုအဖွဲ့အစည်းအတွက် တရားဝင် ခုခံပိုင်ခွင့်အရ တရားခံနဲ့ အပေါင်းအပါတွေကို ရရာလက်နက်စွဲကိုင် တော်လှန်ကြပါတယ်။ ဒီအခါကျတော့ သူတို့က အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ရက်စက် အနိုင်ကျင့်တယ် အော်ကြပြန်ရော။ အတော်လည်း တတ်နိုင်ကြတဲ့ လူမိုက်တွေပါပဲ။

ကိုဗစ်ကြောင့် ငတ်မတတ် ပြည်သူတွေကို အာဏာသိမ်းသတဲ့ဗျာ။ ကလေး လူကြီးတွေနဲ့ ဘာမှ ပြန်ပစ်စရာ မရှိသူတွေကို ရွာမီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ။ ကိုယ့်ပြည်သူ‌တွေကို ဒီလောက်တောင် ရက်စက်တာ နိုင်ငံ့လစာ စားနေသူများပါတဲ့။ ဘယ်လောက်တောင် ရင်နာစရာ ကျိန်စာသင့် တိုင်းပြည်လဲဗျာ။ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကို မမိရင် တွေ့တဲ့ပြည်သူ ပစ်သတ်၊ ဖမ်းဆီးနှိပ်စက်ကြပြန်ရော။ မိမိတို့လက်ထဲရောက်ပြီးသား ထောင်ထဲကသူ‌တွေကိုတောင် ဥပဒေကျော်လွန်ကာ ခေါ်ထုတ် သတ်ဖြတ်ပြန်သတဲ့။

ဒီလောက် အဆုံးစွန်ထိ ရက်စက်ယုတ်မာသူတွေကို သူတို့နောက်လိုက်တွေက “ပျော့တယ်၊ သူတော်ကောင်းကြီး” တဲ့။ ကျလည်း ကျလောက်တဲ့ စာများပါပဲ။

ခိုးခြင်းကို မကျူးလွန်တာကို ထင်ရှားမြင်သာတဲ့ ခေါင်းဆောင်တွေကို ခိုးခြင်းအမှုနဲ့ မတရားဖမ်းဆီး ထောင်ချခဲ့သူတွေဟာ ပေါ်ပေါ်ထင်ထင် ခိုးနေသူတွေဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင်ပါပဲ။ ဒီလိုပဲ လိမ်လည်မှုများစွာကို ပုံစံအမျိုးမျိုး ကျူးလွန်ကြပြန်ပါတယ်။ ဒီလို အခြေခံ ငါးပါးသီလတောင် မလုံခြုံခဲ့သူတွေကို မင်းကျင့်တရားတွေ ဆက်ပြောလည်း မောရုံပဲ ရှိတော့မှာပေါ့။

ဒီနေရာမှာ မြန်မာပြည်သူတွေဟာ အင်မတန် အံ့ဩစရာကောင်းတာတွေ တွေ့ရပါတယ်။ ကပ်‌ရောဂါဘေးကြောင့် စီးပွားပျက်နေချိန်မှာ ပေးဆပ်နိုင်ကြတာတွေဟာ လိုက်မမီနိုင်အောင်ပါပဲ။ ဘာမှမပြည့်စုံဘဲ၊ ကျွမ်းကျင်မှု ပညာရပ်တွေမရှိဘဲ စိတ်ဓာတ်နဲ့ စခဲ့ကြသူတွေဟာ ခုထိ စိတ်ဓာတ်နဲ့ တင်းခံနေကြတုန်းပါပဲ။ ပန်းတိုင်ထိ စိတ်ဓာတ်နဲ့ ရပ်တည် အနိုင်ရမယ်ဆိုတာ အထူးတလည် သံသယဖြစ်စရာ မလိုတော့ပါဘူး။

ချုပ်ပြောရရင် စကျင်ကျောက်တွေနဲ့ ထုဆစ်ထားတဲ့ ဘုရားကြီးရှေ့မှာ ရပ်နေကြတဲ့သူတွေရဲ့ ရုပ်ပုံတွေကိုကြည့်ရင် တင့်တယ်ခန့်ညားတဲ့၊ ကျက်သရေဝင့်ထည်တဲ့ မျက်နှာတွေ ရှာမတွေ့နိုင်တော့ပါဘူး။ ပြည်သူတွေရဲ့မေတ္တာကို သိမ်းကျုံးထားတဲ့ မင်းကောင်းမင်းမြတ် လက္ခဏာတွေ ဘယ်မှာလဲ။ ပြည်သူတွေက တစိမ်စိမ့် ကြည့်နေရလောက်အောင် ပြည်သူ့နှလုံးသားတွေကို ပိုင်စိုးထားတဲ့ မင်းတပါး ဖြစ်ခဲ့ပါသလား။

နှလုံးသားမှာ ဘုရားတည်ရမယ့်အစား မိုက်မဲတဲ့ အလွဲအမှားတွေက ပြည်သူ့ကျိန်စာသင့်ခဲ့ပြီလား။ အနိုင်ကျင့် အာဏာသိမ်းထားတဲ့ မျက်နှာတွေက ပြုံးပျော်ရွှင်လန်း ပီတိလျှမ်းနေတာတွေ ဘယ်မှာလဲ။ သူတို့တွေလည်း ဒီနှစ်တွေအတွင်း မထင်မှတ်လောက်အောင်ကို အရွယ်ကျခဲ့တာလား။ သူတို့လည်း မပျော်ကြတာလား။ သူတို့လည်း စိတ်ဆင်းရဲနေကြတာလား။ လားပေါင်းများစွာ အဖြေရှာရင်း ကျနော်တို့ ကိုယ်တိုင်လည်း ကိုယ်တိုင်နဲ့ ကိုယ့်လူမှုအဖွဲ့အစည်းအတွက် လူမိုက်တွေမဖြစ်ကြဖို့ ကြိုးစားရကြအောင်လို့ ဆန္ဒပြုရင်း။     ။

သန့်ကေသာ

(သန့်ကေသာသည် CDM ဆရာမတဦး ဖြစ်သည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013