DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့လျှော့ပေး၊ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေး 
DVB
·
August 1, 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်အချို့လျှော့ပေး၊ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေး 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အပေါ်  ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကိုလျှော့ပေးလိုက်ပြီး နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့  အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတယ်လို့ စစ်ကောင်စီက  ဩဂုတ် ၁ ရက်မှာ ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ အမှု ၁၉ မှုထဲကနေ ၅ မှုကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သလို သမ္မတ ဦးဝင်းမြင့်ရဲ့ အမှု ၈ မှုထဲကနေ အမှု ၂ ခုကို လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားအကျဥ်းသား ၁၂၅ ဦး၊ MNDAA, AA, TNLA  စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက   ၂၂ ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်သူ ၇၂ ဦးကိုလည်း ပြန်လွှတ်ပေးတယ်လို့သိရပါတယ်။

ဒီကနေ့ ဒုတိယဝါဆိုလပြည့်နေ့မှာ ကျရောက်တဲ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အဖြစ်လည်းကောင်း ပြည်သူလူထု စိတ်ဝမ်းအေးချမ်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူပေါင်း ၇၇၄၉ ယောက်ကို  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးအမိန့်နဲ့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးတွေက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအနက်  ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ၃၇/၂၀၂၁၊ ၇၁/၂၀၂၁၊ ၃၈/၂၀၂၁၊ ၄၅/ ၂၀၂၁ တို့နဲ့ ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၉၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်းလည်း စစ်ကောင်စီက သီးခြားထုတ်ပြန်ကြေညာပါတယ်။

အလားတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးတွေက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေအနက် ရာဇတ်မှုကြီးအမှတ်  ၃၅/ ၂၀၂၁ နဲ့ ၃၆/၂၀၂၁ တို့နဲ့ ပြစ်မှုထင်ရှား စီရင်ပြီး ပြစ်ဒဏ်ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၉၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်းလည်း စစ်ကောင်စီက သီးခြားထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး၀င်းမြင့်တို့အပေါ် ပြစ်ဒဏ်အချို့ လွတ်ငြိမ်းခွင့်ပေးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ထားတဲ့ ၅၀၅(ခ)အမှု၊ သဘာ၀ဘေးအန္တရာယ်စီမံအမှု၊ ပို့ကုန်သွင်းကုန်နဲ့ ဆက်သွယ်ရေးအမှုတွေအတွက် ၆ နှစ် ပြစ်ဒဏ်လျှော့ပေါ့နဲ့  သမ္မတဦး ၀င်းမြင့်အပေါ် ပြစ်ဒဏ်ချတ်ထားတဲ့ သဘာ၀ဘေးအမှုနဲ့ ၅၀၅(ခ)အမှုအတွက် ၄ နှစ် ပြစ်ဒဏ် လျှော့ပေါ့ဖို့ ရှိတယ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရှေ့နေတဦးက “ အခုသူတို့ လွတ်ငြိမ်းခွင့်ကို ကျနော်တို့လည်း နားမလည်ဘူး။ နားမလည်ဘူး ဆိုတာက ငါးမှုကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်ဆိုတော့ ငါးမှုတောင်မှ ဘယ်အမှုတွေလို့ ရေးမထားဘူး။ အမှုနံပါတ်တွေပဲ ပါတယ်။ အမှုနံပါတ်နဲ့ ပြောရင်တော့ သဘာ၀ဘေးတို့၊ ဆက်သွယ်ရေး၊ ပို့ကုန်သွင်းကုန်၊ ၅၀၅(ခ)တို့ အဲ ငါးမှုကိုပဲ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ သဘောမျိုး။ ကျန်တဲ့အမှုတွေ မပါဘူးဆိုတဲ့ သဘောမျိုးပေါ့။ ကျန်တဲ့အမှုတွေက အများကြီးရှိသေးတာကို။ ကျန်တဲ့အမှုတွေအတွက် ဆက်ပြီး ပြစ်ဒဏ်ကျခံနေရဦးမယ့် သဘောပဲ။ ပြစ်ဒဏ် ဘယ်နှနှစ် ကျခံနေရတာကို ဘယ် နှစ်နှစ် လျှော့ပေးတယ်ဆိုပြီးတာပဲကို အကုန်လုံးလွှတ်ပေးတယ်ဆိုတဲ့ သဘောမျိုးတောင် ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လား မသိဘူး” လို့ ပြောပါတယ်။

အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ  (၁) အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက  အဆိုပါပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒီနေ့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်မယ်လို့လည်း အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။

သေဒဏ်အသီးသီးချမှတ်ခံထားရတဲ့ အကျဉ်းသား/အကျဉ်းသူတွေထဲက ပြစ်ဒဏ်‌လျော့ပေါ့သင့်သူတွေကို သေဒဏ်က လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တသက်ကို ပြောင်းလဲထားပါတယ်။

စစ်ကောင်စီဟာ ထိမ်းအမှတ်နေ့တွေရောက်တိုင်း အကျဉ်သားတွေ ပြန်လွှတ်လေ့ရှိရာမှာ လွတ်ရက်စေခါနီး နိုင်ငံရေးအမှုထောင်ကျခံနေရသူအနည်းငယ်သာပါဝင်ပြီး အများစုက   ခိုးဆိုးလုနှိုက်နဲ့ အကျဉ်းကျနေသူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်ကလည်း နိုင်ငံဝန်း အကျဉ်းထောင် အသီးသီးကနေ အကျဉ်းသား ၁၅၇၇ ယောက် လွှတ်ပေးခဲ့ပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းတစ်ယောက်မှ ပါဝင်တာ မရှိဘူးလို့ သိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် တခြားခေါင်းဆောင်တွေကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) ၊  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ရွေးကောက်ပွဲ မသမာမှု ၊  ရဟတ်ယာဉ်အမှုနဲ့ ဆက်နွှယ်တဲ့  အဂတိအမှုတွေနဲ့ စွပ်စွဲပြီး ထောင်ဒဏ်  စုစုပေါင်း ၁၂  နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

ဦးဝင်းမြင့်ကို နေပြည်တော်ရှိ သီးခြားနေရာတစ်ခုမှာ နေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားကနေ ၂၀၂၃ ဇန်နဝါရီ ၁၄ ရက်မှာ  တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေအကျဉ်းချထားပြီး မကြာသေးခင်က ဦးဝင်းမြင့်ရဲ့ ကျန်းမာရေး ဆိုးရွားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း  စစ်ကောင်စီက  အမှု ၁၉ မှုနဲ့ စွပ်စွဲပြီး  ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013