Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဦးတည်
DVB
·
August 1, 2023

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို လက်ရှိ အဝါရောင်အဆင့်သတ်မှတ်ထားပြီး နောက် ၁၂ နာရီမှာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်   ဘင်္ဂလားဒေရှ့်နိုင်ငံကမ်းခြေ ခီပူပါရာမြို့ အနီးကနေ ဖြတ်ကျော်နိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ပါတယ်။

ဒီမနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ ပိုမို အားကောင်းလာကာ  မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

မုန်တိုင်းငယ်ဟာ   မောင်တောမြို့ အနောက်တောင်ဘက် ရေမိုင် ၅၅ မိုင်ခန့်၊ စစ်တွေမြို့အနောက် မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့အနောက်မြောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့  အရှေ့တောင်ဘက် ရေမိုင် ၁၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၁ ရက်က နေ ၃ ရက်နေ့အတွင်းမှာတော့  မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက်လေပြင်း ကျပြီး လှိုင်းကြီးရာက လှိုင်း အလွန်ကြီးမယ့်အပြင် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို ၄၅ မိုင်ကနေ မိုင် ၅၀အထိ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမှာဖြစ်ပြီး ရေပြင်/မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့  မိုး/ဇလကထုတ်ပြန်ထားပါတယ်။

လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၁၂ ပေမှ ၁၅ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းမှာ  တနိုင်ငံလုံး နေရာစိပ်စိပ်ကနေ နေရာအနှံ မိုးထစ်ချုန်းရွာနိုင်သလို ပဲခူး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဒေသအလိုက်၊ မကွေးနဲ့ တနင်္သာရီတိုင်းအပါအဝင် ကချင်ပြည်နယ်မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

အခုလို မုန်တိုင်းငယ်အရှိန်အပြင် မုန်သုံလေ အလွန်အားကောင်းနေတာကြောင့် လေပြင်းတိုက်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးတာတွေနဲ့အတူ မြေပြိုတာတွေပါ ဖြစ်နိုင်လို့ ကုန်းမြင့်နေသူတွေက မြေပြိုတဲ့အန္တရာယ်၊ ကမ်းရိုးတန်းနဲ့ မြစ်ချောင်းနာနေသူတွေက ရေကြီး၊ ရေလျှံတာတွေ ဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ဖို့ ၊ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရောက် နေတဲ့ ကမ်းနီး/ဝေး ငါးဖမ်းရေယာဉ်နဲ့ သင်္ဘောတွေအနေနဲ့  သတိပြုကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024