Home
မြန်မာသတင်း
ဒီပဲယင်းစစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ ရေဦးတွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦး သေဆုံး
DVB
·
August 1, 2023
364759206_192229727166262_1038120200837670368_n

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လုံခြုံရေး(ကံပြား)စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အဖွဲ့က ပြောပါတယ်။

ဇူလိုင် ၃၀ ရက် နေ့လယ် ၃ နာရီကျော်က အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင် ၆ ဦး သေဆုံးပြီး သေနတ်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

DRPA သတင်းပြန်ကြားရေးတာဝန်ခံက “မနေ့ (ဇူလိုင် ၃၀ ရက်) က သုံးနာရီကျော်လောက်မှာ သွားပစ်တာ၊ ဂိတ်စောင့်နေတဲ့ စကစခြောက်ယောက် သေတယ်။ သေနတ် ၄ လက်ရတယ်။ ကျနော်တို့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။ သေနတ်အရှည် လေးလက်နဲ့ လက်လုပ် ပစ္စတိုတလက်၊ ကျည်တွေ ကျည်ကာတွေပါ ရခဲ့တယ်” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) နဲ့ Local Mobile Team (Depayin) အဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၀ ရက်ကလည်း ကနီမြို့ အစိုးရဘဏ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို ဇူလိုင် ၃၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၇ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“ပစ်တာကတော့ ၂ လုံး၊ တလုံးက ရွာထဲက အိမ်ပေါ်ကျပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးတဦး ဦးခေါင်းပိုင်း လက်နက်ကြီးအပိုင်းအစ ထိမှန်ပြီး ဒဏ်ရာရရှိတယ်။ ဆေးကုသပေးနေရင်း ညပိုင်း ၇ နာရီလောက်ကျတော့ ဆုံးသွားတယ်။ ဘာထပ်ပြောချင်သေးလဲဆိုတော့ အခုလို ရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းမပစ်ဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုချင်ပါတယ်။”

စစ်ကောင်စီတပ်ကတော့ မနေ့ ညနေပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေပြုလုပ်ပြီးနောက် ဒီနေ့ ဩဂုတ် ၁ ရက် မနက်မှာ ဒီပဲယင်းမြို့နယ် ချောင်းပေါက်ရွာအနီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024