
ကျပ်ဘီလီယံ ၂,၀၀၀ ကျော် တန်ဖိုးရှိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမျိုးစုံကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ စစ်အာဏာရှင်အစိုးရက ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ တောင်ကြီးနဲ့ မန္တလေးမြို့တွေမှာ နိုင်ငံတော်အဆင့် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ဓာတုပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပွဲ ကျင်းပတာဖြစ်ပြီး တန်ဖိုး ကျပ်ငွေ ၂,၂၀၉ ဘီလီယံကျော်ဖိုး ရှိတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဝါဒါဖြန့်သတင်းစာမှာ အသိပေးထားပါတယ်။
ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးပမာဏ တန်ဖိုး ကျပ် ၁,၀၇၂ ဘီလီယံ ကျော်ဖိုးထက်စာရင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ဓာတုပစ္စည်း ပမာဏ နှစ်ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ကတော့ မြန်မာဟာ ကမ္ဘာမှာ နံပါတ်တစ် ဘိန်းထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို မက်သာအဖက်တမင်းနဲ့ ဘိန်းဖြူလို ဓာတုရောစပ် မူးယစ်ဆေးဝါးတွေကို တင်ပို့နေတဲ့ ကမ္ဘာ့နံပါတ်တစ်နိုင်ငံလို့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။











