DVB Logo
Home
မြန်မာသတင်း
ဇူလိုင်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံး
DVB
·
July 31, 2023
ဇူလိုင်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံး
Donate to DVB

အခု ဇူလိုင် တလတာကာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၁၀၁ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅၇ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ အေအေပီပီက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

အဆိုပါ ၁၀၁ ယောက်ထဲမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အယောက် ၄၀ ရှိပြီး ပစ်ခတ်ခံရမှုကြောင့် ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်း နိုင်ငံတဝန်း ၁၄၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၁၆၂ ယောက် ရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၈၆၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၁၂၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၃၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၈၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၉၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီက သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေနေထိုင်ရာ ဒေသတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့တာကြောင့် အရပ်သားပြည်သူတွေဟာ နေထိုင်ရာဒေသတွေကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးခဲ့တာကြောင့် သံဘိုကျေးရွာ၊ ရေအေးကုန်းကျေးရွာ၊ ကျီးကန်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ အင်ကြင်းပင်ကျေးရွာနဲ့ စောကြီးကျေးရွာတွေက ဒေသခံ ၅,၀၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိနေကြပြီး ဇူလိုင် ၂၄ နဲ့ ၂၅ ရက်တွေကလည်း ကယားပြည်နယ်၊ လွိုင်လင်လေးမြို့၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာကို စစ်အုပ်စု ခမရ ၅၃၀ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၅ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013