Home
နိုင်ငံတကာ
ဘန်ကောက်မြို့လယ်က ဘတ်သန်းပေါင်း ၆၅၀၀ တန် ကွန်ဒို ဥပဒေနှင့်မညီသဖြင့် ရုပ်သိမ်းခံရ
DVB
·
July 31, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက် ဒင်ဒဲန်နယ်မြေ အဆိုခ်လမ်းနဲ့ ဆုခိုဝစ် ၂၁ လမ်းပေါ်က အယ်စတန်အဆိုခ် အဆင့်မြင့်ကွန်ဒိုကြီးကို  ဥပ‌‌ဒေနဲ့အညီ ဆောက်လုပ်ထားတာမဟုတ်တဲ့ အတွက် အုပ်ချုပ်ရေးဆိုင်ရာတရားရုံးက ပြီးခဲ့တဲ့ ဇူလိုင် ၂၇ နေ့စွဲနဲ့ ခွင့်ပြုချက်ရုပ်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ 

အဆိုပါကွန်ဒိုတိုက်ခန်းကြီးမှာ အနန္တာဒီဗလော့က်မဲင့်ထ် ကုမ္ပဏီက လွန်ခဲ့တဲ့ ၄ နှစ်ကျော်က တည်းက ဘတ်သန်းပေါင်း ၆၅၀၀ အကုန်ကျခံ  တည်ဆောက်ပြီးစီးခဲ့ပြီး အထပ်ပေါင်း ၅၁ ထပ် အခန်းပေါင်း ၇၈၃ ခန်းရှိကာ ထိုင်းနဲ့ နိုင်ငံခြားသား မိသားစုဝင် (လူဦးရေ ၇၀၀ ကျော်) ဝင်ရောက်နေထိုင်နေကြတာပါ။ 

တရားရုံးမှ ခွင့်ပြုချက်ရုပ်သိမ်းရခြင်းအကြောင်းမှာ - အဆိုပါကွန်ဒိုတိုက်ခန်းကြောင့် အနီးနား ရပ်ကွက်နေပြည်သူများ နေရောင်ခြည်နဲ့ လေကောင်းလေသန့်မရတော့တာ၊ ဖုံမှုန့်တွေ ဝင်ရောက်တာ၊ တိုက်ခန်းမှ ဆူညံသံတွေ ပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်တာ၊ ကွန်ဒို အဝင်အထွက်လမ်း ကျဉ်းမြောင်းတာ (ဥပဒေအရ လမ်းအကျယ်အနည်းဆုံး ၁၂ မီတာ ရှိရမှာဖြစ်ပေမယ့် ၆ မီတာသာ ရှိတာ)၊ အများပြည်သူဆိုင်ရာလမ်းကို ပူးတွဲအသုံးပြုတာ စတဲ့ အချက်တွေကို  အနီးနားနေပြည်သူတို့က တိုင်ကြားထားတဲ့အတွက် သက်ဆိုင်ရာက ပြန်လည်စစ်ဆေးကာ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးမှ ခွင့်ပြုချက်ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

အဆိုပါကွန်ဒိုမှာ BTS မိုးပျံရထားနဲ့ MRT မြေအောက်ရထားတို့ ဖြတ်သန်းသွားတဲ့ နေရာမှာလည်း တည်ရှိနေပါတယ်။ 

ကွန်ဒိုတိုက်ခန်းအမှုဆောင်ဒါရိုက်တာ နိုင်းချန်းနွတ် ရိူင်းကရစ်တယားကတော့ သူတို့အနေနဲ့ ကွန်ဒိုမဆောက်ခင် မြေယာဖွံ့ဖြိုးရေးဌာန၊ မြေစာရင်းရုံး၊ အိုးအိမ်ဦးစီးဌာန၊ လျှပ်စစ်ရုံး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးဌာန၊ နယ်မြေအုပ်ချုပ်ရေးရုံး၊ မီးရထားဌာန စတဲ့ ဌာနဆိုင်ရာ ၉ ခုထံက ခွင့်ပြုချက်ရရှိပြီးမှ ဆောက်လုပ်ခဲ့တာဖြစ်တယ်၊ အများပိုင်လမ်းနဲ့ တွဲသုံး ခွင့်ရဖို့ မီးရထားဌာနကို အခွန်ဆောင်ခဲ့တယ်၊ အခုလို အုပ်ချုပ်ရေးဆိုင်ရာတရားရုံးရဲ့ ရုပ်သိမ်း စာထွက်လာလိမ့်မယ်ဆိုတာ လုံးဝမမျှော်လင့်ခဲ့ဘူးလို့  သတင်းစာရှင်းလင်း ပြောကြားပါတယ်။ 

အဆောက်အဦဆောက်ခွင့်ပြုတဲ့ ဘန်ကောက်ခရိုင်ရုံး နဲ့ မီးရထားဌာနမှာလည်း တာဝန်ရှိတယ်၊ ဒါ ကြောင့် ဒီကိစ္စမှာ ဝိုင်းဝန်တာဝန်ယူရမယ်လို့ ဆိုပါတယ်။  မီးရထားဌာနကတော့ သူတို့အနေနဲ့ လမ်းအသုံးပြုခွင့်ပေးခြင်းသာဖြစ်ကြောင်း၊ အဆောက်အဉီနဲ့ ပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။ 

ပတ်ဝန်းကျင်က တိုင်တန်းထားတဲ့ ပြဿနာတွေကို ကွန်ဒိုပိုင်ရှင်က ဖြေရှင်းပေးနိုင်ခြင်းမရှိပါက ပြန်လည်ဖြိုဖျက်ပစ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ 

ကွန်ဒိုမှာနေထိုင်သူအချို့က သူတို့ဟာ အဆိုပါကွန်ဒိုတိုက်ခန်း ၁ ခန်းကို ၇ သန်းကျော် ၈ သန်းနီးပါး ပေးဝယ်ခဲ့ရတယ်၊ တချို့ကလည်း အရစ်ကျငွေပေးချေနေတာ အခုဆိုရင် မသေမချာနဲ့ နေနေရတယ်၊ ကွန်ဒိုပိုင်ရှင်ကလည်း သူတို့ကို ပွင့်လင်းမြင်သာ ရှင်းပြတာမရှိဘူး၊ သတင်းတွေ ထဲမှာကြည့်ပြီး စိတ်ချလက်ချမနေနိုင်တော့ဘူးလို့ ပြောပါတယ်။ 

နောက်ဆုံးရသတင်းမှာတော့ သက်ဆိုင်ရာက ကွန်ဒိုတိုက်ခန်းကို ဖြိုချစရာမလိုတော့ဘဲ သူတို့ ညွှန်ကြားတဲ့ပုံစံအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်ပြီး  ခွင့်ပြုချက်ပြန်လည်တောင်းခံဖို့  အုပ်ချုပ်ရေးတရားရုံးက ထပ်မံစာထုတ်ထားတယ်လို့ ဆိုပါတယ်။ 

Ref: Thairath 

Photo-Khaosod

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024