DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီဈေးနှုန်း ဆက်လက်မြင့်တက်
DVB
·
July 31, 2023
စားအုန်းဆီဈေးနှုန်း ဆက်လက်မြင့်တက်
Donate to DVB

မြန်မာပြည်တွင်းမှာ  ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ပြည်ပကနေ ဝယ်ယူတင်သွင်းရတဲ့ စားအုန်းဆီဈေးနှုန်းတွေဟာ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထားတဲ့စျေးနှုန်းရော ပြင်ပပေါက်စျေးပါ ဆက်လက်မြင့်တက်နေပါတယ်။

ပြင်ပပေါက်စျေးဟာ စစ်ကောင်စီသတ်မှတ်စျေးနှုန်းထက် နှစ်ဆကျော် ကွာနေဆဲဖြစ်တယ်လို့ စားသုံးဆီရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။

အခုတပတ်အတွက် ဇူလိုင် ၃၁ ရက်မှ ၇ ရက်နေ့အထိ စ​စ်ကောင်စီက သတ်မှတ်ထားထဲ့ စားအုန်း​ဆီ ရည်ညွှန်းစျေးနှုန်းမှာ ၄,၂၉၅ ကျပ်ရှိပြီး အရင်အပတ်ကထက် ၆၅ ကျပ် မြင့်တက်လာပါတယ်။

လက်ရှိ ပြင်ပပေါက်စျေး လက်ကားစျေးနှုန်းမှာ ကျပ် ၈,၄၀၀ မှ ကျပ် ၉,၃၀၀ ကျော်အထိ ပေါက်နေပြီး အရင်အပတ်ကထက် ကျပ် ၁,၀၀၀ နီးပါး စျေးတက်ခဲ့ပါတယ်။

စားအုန်းဆီ လက်ကားရောင်းဝယ်တဲ့ လုပ်ငန်းရှင်တဦးက “စျေးကွက်ထဲမှာ သူတို့ သတ်မှတ်စျေးနှုန်းကတော့ စာသာသာပဲဖြစ်နေတာ။ အဲ့ဒါနဲ့ အရောင်းအဝယ်လုပ်တာ မရှိပါဘူး။ ဆီစျေးနှုန်းက လက်ရှိက ပြောရနည်းနည်းခက်ပါတယ်။ နေ့တိုင်း နည်းနည်းချင်းစီ တက်နေတယ်​ဆိုတော့။ ဒါပေမဲ့ အခုလက်ရှိမှာတော့ အမြင့်ဆုံးစျေးနှုန်းမှာ ရှိနေပါတယ်။ ကုန်သည်တွေမှာ ဆီလက်ကျန်က ​နည်းနေတော့ ဆီစျေးက ဆက်တက်ဖို့ပဲရှိတာ၊ အခု အစ်ကိုတို့ဆီမှာတောင် ဆီလက်ကျန်က မရှိသလောက် နည်းနေပြီ” လို့ ပြောပါတယ်။

စားအုန်းဆီစျေးနှုန်းတွေ မြင့်တက်လာမှုနဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် စားအုန်းဆီအရောင်းအဝယ် ပါးနေတယ်လို့ စာအုန်းဆီရောင်းဝယ်ရေးဆိုင်တွေက ပြောပါတယ်။

မော်လမြိုင်ရှိ စားအုန်းဆီရောင်းဝယ်သူတဦးက “စျေးတွေက ဆက်တိုက်တက်နေတော့ အဝယ်က မရှိသလောက် ဖြစ်နေတာ။ ပုံမှန်ဝယ်နေကြ ကုန်ခြောက်ဆိုင်တွေတောင် အရင်က အချိန် ၁၀ ဝယ်တယ်ဆိုရင် အခု ၃ ပိဿာလောက် ဝယ်တော့တာ။ လက်ရှိ မိုးတွေရွာပြီး ရေတွေကြီးတော့ ပိုဆိုးတာပေါ့။ ဆီက နေ့စဥ်သုံးဆိုပေမဲ့ အကုန်စျေးကြီးနေတော့ တတ်နိုင်သမျှလျှော့နေကြတယ် ထင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ပြင်ပလက်လီ​စားအုန်းဆီစျေးနှုန်းဟာ တပိဿာ ကျပ် ၁၁,၀၀၀ မှ ၁၃,၅၀၀ အထိ ရှိနေတာကြောင့် အခြေခံလူတန်းစား မိသားစုတွေ အတတ်နိုင်ဆုံး ဆီကိုချွေတာ သုံးစွဲနေရတယ်လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

စာအုန်းဆီနဲ့အတူ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပဲပိစပ်ဆီ စတဲ့ စားဆီစျေးတွေလည်း မြင့်တက်နေပြီး ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ နှမ်းဆီက တပိဿာကို ၁၅,၀၀၀ ကျပ်၊ မြေပဲဆီက တပိဿာကို ၁၅,၅၀၀ ကျပ်နဲ့ စျေးကွက်မှာ အ‌ရောင်းအဝယ် ဖြစ်နေပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ပြည်ပတင်ပို့မှုပမာဏ လျှော့ချလိုက်တာကြောင့် ကမ္ဘာ့စားအုန်းဆီစျေး အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြည်တွင်းစားအုန်းဆီစျေးနှုန်းပါ မြင့်တက်ခဲ့တာဖြစ်တယ်လို့ စားအုန်းဆီလုပ်ငန်းရှင်တွေထံက သိရပါတယ်။

စစ်ကောင်စီက ကျပ် ၂ သောင်းတန်ငွေစက္ကူသစ်တွေရိုက်ထုတ်မယ်လို့ ကြေညာလိုက်ပြီးနောက် အရင်ကတည်းက တန်ဖိုးကျဆင်းနေတဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ ပိုမိုထိုးကျသွားပြီး စားအုန်းဆီ အပါအဝင် ပြင်ပကနေ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဟာလည်း ဈေးနှုန်းတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ စားအုန်းဆီသုံးစွဲမှုပမာဏ တန်ချိန် ၁၀ သိန်းကျော်ရှိပြီး တန်ချိန် ၇ သိန်းခန့်ကို အင်ဒိုနီးရှားနဲ့ မလေးရှားကနေ တင်သွင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013