
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ တက္ကသိုလ်အနီးမှာ ဇူလိုင် ၃၀ ရက် ည ၈ နာရီကျော်က အမျိုးသားတဦး ဖုန်း၊ ငွေနဲ့ ဆိုင်ကယ် လုယက်ခံရပြီး အသတ်ခံလိုက်ရတယ်လို့ မြို့ခံပရဟိတသမားတွေက ပြောပါတယ်။
တောင်ကုတ်မြို့ တက္ကသိုလ်ဂိတ်ပေါက် ၃ အနီးနဲ့ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ကြားရှိ လမ်းဘေးမှာ ပစ္စည်းလုယက်ခံရပြီး သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “မိသားစုဝင်တွေပြောတာတော့ သူ့မှာပါတဲ့ ပစ္စည်းတွေ အကုန်ယူသွားကြတယ်။ ဆိုင်ကယ်၊ ပိုက်ဆံ၊ ဖုန်း အဲ့ဒါတွေ တခုမှပြန်မရဘူး။ ညနက်ထိ အိမ်ပြန်ရောက်မလာလို့ ရဲစခန်းအကြောင်းကြားပြီး လိုက်ရှာကြမှ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကိုင်းရှည်ရပ်ကွက် တာဝတိံသာလမ်းမှာ နေထိုင်တဲ့ ဦးစံသိန်းအောင် အသက် ၄၅ နှစ်ဟာ မီးချောင်းထိုးကျေးရွာအနီး သူပိုင်ကြက်ခြံကနေ အပြန်မှာ ပစ္စည်းလုယက်ခံရပြီး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဦးစံသိန်းအောင် ခန္ဓာကိုယ်ပေါ် ရင်ဘတ်၊ နောက်စေ့တို့မှာ ဓားနဲ့ ထိုးသွင်းဒဏ်ရာ ၄ ချက် တွေ့ရှိခဲ့ပြီး သေဆုံးရုပ်အလောင်းကို တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို မြို့ခံနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပစ္စည်းလုသတ်ဖြတ်ခံရတဲ့ နေရာအနီးက ဌာနပေါင်းစုံ စစ်ဆေးဂိတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူတွေ လုံခြုံစွာ သွားလာနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်းမရှိဘဲ ဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ ဖဲဝိုင်း၊ လေးကောင်ဂျင်ဝိုင်းတွေကိုသာ အဲ့ဒီဂိတ်အတွင်း လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်ကလည်း တောင်ကုတ်မြို့လယ်ရှိ ရွှေပွင့်အိမ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး တရားခံတဦးကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ဆုံးရှုံးခဲ့ရတဲ့ ရွှေထည်ပစ္စည်းတွေ ပြန်မရသေးဘူးလို့ သိရပါတယ်။