DVB Logo
Home
မြန်မာသတင်း
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပုလဲနှင့် ယင်းမာပင်မှ ပြည်သူ ၉၀၀၀ ခန့် စစ်ဘေးရှောင်နေရ
DVB
·
July 31, 2023
စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပုလဲနှင့် ယင်းမာပင်မှ ပြည်သူ ၉၀၀၀ ခန့် စစ်ဘေးရှောင်နေရ
Donate to DVB

စစ်ကောင်စီတပ် ဒီနေ့မနက် စစ်ကြောင်းထိုးနေတာကြောင့် ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ပြည်သူ ၉၀၀၀ လောက် စစ်ဘေားတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ် အင်မထီး (ပျူစောထီး) ကျေးရွာမှာ နှစ်ညအိပ် တပ်စွဲခဲ့ကြတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီနေ့ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီလောက်မှာ အင်မထီးရွာရဲ့ အနောက်ဘက်ကို စတင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် စစ်ကြောင်းသွားရာ လမ်းတလျှောက်ရှိ သာယာကုန်းရွာ၊ ဦးနှောက်၊ ကိုင်းတွင်း၊ သရက်ကန်၊ တလိုင်းကန်၊ ညောင်ရင်းကုန်း၊ မဲဇရပ်၊ မင်းတိုင်ပင်၊ ရွာသစ်နဲ့ သာစည် စတဲ့ကျေးရွာတွေက ပြည်သူ ၆,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ အခု စစ်ရှောင်တွေဆီ သွားရောက်ကူညီဖို့ ပြင်နေကြပါတယ်။ ကန်ဒေါင့်ရွာနားက ရွာတွေတော့ ထပ်ရှောင်နေကြတယ်ဗျ” လို့ Western Chindwin Association (WCA) မှ ကိုစိုပြေမင်းထင်က ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဇီးဖြူကုန်း (ပျူစောထီး) ကျေးရွာအတွက် ပြည်သူပိုင်ပစ္စည်းတွေ လုယက်တာ၊ ခိုးယူတာတွေ ပြုလုပ်နိုင်တာကြောင့် ပတ်ဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ သတိထား နေထိုင်သွားလာကြဖို့ ပုလဲမြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို သက်ဆိုင်ရာ ရပ်ကျေးရှိ ပအဖ၊ ပကဖတွေ ဦးဆောင်ပြီး ပြည်သူတွေနှင့် ပုလဲ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ Western Chindwin Association (WCA) အဖွဲ့တို့ ပူးပေါင်းကာ နားနေဖို့နေရာတွေ စီစဉ်ပေးတာ၊ အစားအသောက် ကျွေးတာတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ဇူလိုင် ၃၁ မနက် ၇ နာရီခွဲလောက်က ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနေ စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းနေတာကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာ၊ စည်သူရွာ၊ သံဘိုရွာနဲ့ ကျောက်မှော်ရွား စတဲ့ ရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစုအဖွဲ့က ပြောပါတယ်။

"စစ်ကောင်စီ ဖလက်ခွံတွေ အထက်သို့ဆန်တက်ပြီး (-) တွေက ကုန်းလမ်းစစ်ကြောင်းထိုးနေလို့ မြစ်ကမ်းဘေးရွာတွေ စစ်ဘေးရှောင်နေရပါတယ်။ စစ်ကောင်စီ ကုန်းကြောင်းက မနက် ၇ ခွဲခန့်က စပြီး ဝင်ပါတယ်။ စုန်းချောင်း၊ စည်သူ၊ သံဘို၊ ကျောက်မှော်ဗျ။ စစ်ရှောင်ပြည်သူ ခန့်မှန်း ၃၀၀၀ ဗျ။ မနက် ၇ ခွဲက စပြီး အောင်ဇေယျကုန်းကနေ မြောက်ဘက်ကို စထွတ်တာပါဗျ။ လက်ရှိ (မနက် ၁၀:၃၀) စည်သူနဲ့ ပန်းထိမ်ပြင်ရွာကြား ရောက်ပြီဗျ။ ဖလက်ခွံ နှစ်စီးကတော့ ကျောက်မှော်မှာ ကပ်နေပြီဗျ" လို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုအဖွဲ့မှ ရဲဘော် မောင်တူးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ရေယာဉ်အုပ်စုဟာ မြစ်ကမ်းဘေး ဝဲယာကို အကြောင်းမဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ပြည်သူ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013