ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်တံတား တရုတ်လှကျေးရွာဘက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်အနီးမှာ ဇူလိုင် ၃၁ ရက် ဒီနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပြီး တဦးသေဆုံးကာ ရဲ ၇ ဦးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲက သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ဟွန်ဒါဖစ်ကားအဖြူရောင်တစ်စီးကို စစ်ဆေးရာက ဗုံးပေါက်ကွဲခဲ့ပြီး ကားသမား အမျိုးသားတစ်ဦး သေဆုံးကာ ရဲတပ် ကြပ်ကြီးအပါအဝင် ရဲ ၇ ဦး နဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက "ကားသမားသေတယ်။ ရဲတွေအကုန်ဒဏ်ရာရတယ်။ တချို့က စိုးရိမ်ရတယ်။ ခရီးသွားနှစ်ယောက် ဒဏ်ရာရတယ်"လို့ ပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုမှာ ရဲတပ်ကြပ်ကြီးမင်းထွန်းဇော်၊ ဒုတပ်ကြပ်မောင်မောင်ကျော်၊ ရဲတပ်သားအေးခန့်ခိုင်၊ ရဲတပ်ကြပ်ကြီး မျိုးမျိုး၊ ရဲတပ်သားဖြိုးသီဟ၊ ရဲတပ်သားကျော်ဇံဦး၊ ရဲတပ်သားဟိန်းထက်ဦးနဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကားသမားရဲ့ အမည်နဲ့ ဒဏ်ရာရသွားတဲ့ အရပ်သား နှစ်ယောက်ရဲ့ အမည်ကိုတော့ မသိရသေးပါဘူး။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက "သူတို့ကို အခု စစ်တပ်က အမှတ် ၂ ခုတင် ၁၀၀၀ ကို ပို့ထားတယ်။ အခုတံတားကို ပိတ်ထားတယ်"လို့ ပြောပါတယ်။
လူမှုကူညီရေးအသင်းတွေကတော့ အဆိုပါ ကားဗုံးပေါက်ကွဲမှုမှာ လူ ၁ ဦးသေဆုံးပြီး အရပ်သား ၃ ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ဒဏ်ရာရသူ ၁၇ ဦး လောက်ရှိတယ်လို့ ပြောပါတယ်။
လူမှုကူညီရေးအသင်းဝင်တစ်ဦးက “လုံခြုံရေးအဖွဲ့တွေက ကားတွေစစ်နေတုန်း ကား တစီးပေါ်ကနေ ဗုံးပေါက်ကွဲတာ။ ဗုံးပေါက်လို့ ဆိုက်ကယ်သမား အမျိုးသား တယောက် သေတယ်။ ကျန်တာက ခရီးသွားပြည်သူနဲ့ လုံခြုံရေးတွေ။ အခုဆေးရုံကို ပို့ထားတယ်။ နောက်ပိုင်း လူနာအခြေအနေတော့ မသိရသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားဆိုင်ကယ်သမား အမျိုးသား ၁ ဦးသေဆုံးပြီး အနီးအနားမှာ မော်တော်ယာဉ်နဲ့ အတူ အစစ်အဆေးခံဖို့စောင့်ဆိုင်းနေတဲ့ ခရီးသွားပြည်သူတွေ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ ဒါ့အပြင် စစ်ဆေးရေး ဂိတ်ရှေ့လမ်းမနဲ့ အဆောက်အအုံပါထိမှန်ပျက်စီးခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာကို စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာပြီး လမ်းကိုပိတ်ဆို့ကာ ဖြတ်သန်းသွားလာခွင် ပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့အပြင် ခရီးသွားပြည် သူတွေနဲ့ မော်တော်ယာဉ်တွေ၊ မြို့အဝင်အထွက်တွေကိုပါ တင်းကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့အထွက် သံလွင်တံတားအဖွဲ့စုံစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေနဲ့ မော်တော်ယာဉ်တွေကို လုံခြုံရေးအကြောင်းပြပြီး မှတ်ပုံတင်၊ ဖုန်းစစ်ဆေးပြီး ခြိမ်းခြောက် ငွေတောင်းခံတာ၊ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေရှိတယ်လို့ မြိုင်ကလေးကျေးရွာမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက် ည ၈ နာရီကျော်ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့အဝင် သံလွင်တံတားနားက အဖွဲ့စုံ စစ်ဆေးရေးဂိတ်အနီးမှာ ဗုံးပေါက်ခဲ့ပါသေးတယ်။