
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂၈ ရက်ညက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၂ ယောက်သေတယ်လို့ ဥသြစစ်ကြောင်းက ဇူလိုင် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
"ကင်းလှည့်ပြီး အရက်ဆိုင်မှာ အရက်ဝင်သောက်နေတုန်း ဝင်တိုက်ခဲ့တာပါ။ သူတို့ဘက်က ၂ ယောက်ကျတယ်" လို့ ဥသြစစ်ကြောင်းမှာပါဝင်တဲ့ ထားဝယ် ပကဖ တပ်ဖွဲ့တခုဖြစ်တဲ့ FFFF အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပေမယ့် ဥသြစစ်ကြောင်းဘက်က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပကာရီကျေးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေဟာ မူးရစ်ရမ်းကားပြီး ခရီးသွားပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာလို့လည်း ဥသြစစ်ကြောင်းက ဆိုပါတယ်။
ဇူလိုင် ၂၄ ရက်လည်း ရေဖြူမြို့ ကျောက်ကညာရွာမှာရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ကို ဥသြစစ်ကြောင်းက လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ခိုက်မှုတွေ ဖော်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ ဥသြစစ်ကြောင်းက တောင်းဆိုထားပါတယ်။










