ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ ဇူလိုင် ၁၆ ရက်ကစတဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဇူလိုင် ၁၉ ရက်မှာ တရုတ်မြို့တော် ပေကျင်းကို ရောက်လာပါတယ်။
သူဟာ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နဲ့ တွေ့ဖို့ မျှော်လင့်ထားပါတယ်။
ဒီခရီးစဉ်ဟာ အနုထင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးတဲ့နောက် တရုတ်နိုင်ငံဆီ ပထမဆုံး တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တု AI ညီလာခံနဲ့ ကမ္ဘာလုံးဆိုင်ရာ AI အုပ်ချုပ်မှုဆိုင်ရာ အဆင့်မြင့် အစည်းအဝေးအတွက် ရှန်ဟိုင်းမှာ ရှိနေခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။
စနေနေ့မှာတော့ အနုထင်းဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့မှာ ကျင်းပတဲ့ ထိုင်း-တရုတ် (စီချွမ်) ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။
ထိုင်းနဲ့ တရုတ် ၂ နိုင်ငံအကြား ခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးကို အတည်ပြုတဲ့ အဓိကမိန့်ခွန်းတရပ်ကို ပြောခဲ့ပါတယ်။
အနုထင်းဟာ ရှောင်းမီနဲ့ ချန်အန်း အပါအဝင် အဓိကတရုတ်ကုမ္ပဏီတွေက အကြီးတန်း အမှုဆောင်အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
Source: Reuters











