
KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို CDM ဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေပါတယ်။
ဇူလိုင် ၂၇ ရက်နေ့က ဝင်းရော်ဒေသ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့အတူ ဒုစစ်ဒေသမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C က သွားရောက် ကုသပေးခဲ့တာလို့ သိရပါတယ်။
စစ်ဘေးရှောင်ကူညီပေးရေးလုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေက စစ်တပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဝင်းရေးမြို့နယ်ထဲက ပုလိန်၊ ခလယ်၊ တံခွန်တိုင်နဲ့ နန်းသိုင်းထွန်ကျေးရွာတွေက ဒေသခံပြည်သူ ၄၀၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက ဒီနေ့အချိန်ထိ တလကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်ကြရသလို အရေးပေါ်ကျန်းမာရေးလိုအပ်ချက်တွေ ရှိနေတဲ့ အတွက်ကြောင့် စားနပ်ရိက္ခာဖြန့်ဝေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဝင်းရော်ဒေသ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့အပါအဝင် ဒေသခံအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။
KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သာမန်အရပ်သားတွေ ထိခိုက်သေဆုံးသလို လူနေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်သေကြေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ သက်ဆိုင်ရာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။