
မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာ တွေကို ဖြိုချဖျက်ဆီးနေသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
သမိုင်းအစဉ်အလာကောင်းတွေနဲ့ ပြည့်စုံတဲ့ အာဇာနည်ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ ကိုယ်ကျိုး မဖက်ခြင်း စတဲ့ဂုဏ်ဒြပ်တွေကြောင့် ပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာ တွေကို အမျိုးသားရေးသွင်ပြင် လက္ခဏာအဖြစ်၊ မြန်မာ့သမိုင်းသင်္ကေတအဖြစ် အထွတ်အမြတ် ဆောင်ကြဉ်းထားကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်နဲ့ သူတို့ရဲ့ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ဝန်ထမ်း တွေဟာ ညအမှောင်ကို အကာအကွယ်ယူပြီး အများပြည်သူပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို နေရာဒေသ အနှံ့အပြားမှာ နေ့စဉ် ဖြိုချဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
အခုလို ဖြိုချဖျက်ဆီးမှုတွေဟာ အများပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး သွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းသင်္ကေတနဲ့ အထောက်အထားတွေကို ဖျက်ဆီး နေခြင်းသာမက ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြေင့် ဒီလုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ညွှန်ကြားသူတွေ၊ ပူးပေါင်းပါဝင်သူနဲ့ အများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့ သင်္ကေတ၊ အထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာ ဖြစ်တဲ့အတွက် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဗိုလ်ချုပ်အောင်ဆန်းးရုပ်တုတွေနဲ့ အမှတ်တရတွေ ဖျက်ဆီးခံရတဲ့ အရေအတွက်က အခု ၂၀ လောက်ရှိလာပြီး အခု ၂၀၂၆ ခုနှစ်မှာ ပိုမိုများပြား လာပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ နီးလာချိန်မှာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုတွေ ဖျက်ဆီးဖြိုချမှုတွေကို စစ်အာဏာရှင်က ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။










