
မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တယောက်သေဆုံး၊ ၈ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGF ဆီကနေ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ ည ၈ နာရီကျော်က လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တလုံး Error ဖြစ်၊ တလုံးပေါက်ကွဲခဲ့တယ်လို့ CGF ရဲ့ ဒုတိယခေါင်းဆောင် ဗိုလ်ပေတက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆက်လက်စုံစမ်းရာမှာတော့ စစ်ကောင်စီတပ်သား တယောက်သေဆုံး၊ ၈ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရတဲ့သူတွေကို ချောက်မြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသမနိုင်တော့လို့ ဇူလိုင် ၂၆ ရက်နေ့ ည ၁၂ လောက်မှာ ပွိုင့်ကား၊ အရေးပေါ်ကားတွေနဲ့ နေပြည်တော်ကို ပို့ဆောင်လိုက်ကြတယ်လို့ ဆိုပါတယ်။
မတရားအာဏာလုယူထားတဲ့ စစ်ကောင်စီက လုပ်ပိုင်ခွင့်မရှိတဲ့ ၂၀၀၀၀ ကျပ်တန်ငွေစက္ကူတွေကို ပြည်သူတွေဒုက္ခတွေရောက် ဆင်းရဲမွဲတေနေတဲ့ ကြားက ငွေကြေးဖောင်းပွမှုတွေဖြစ်ပြီး ဆင်းရဲတွင်းနက်သထက်နက်အောင် အတင်း အဓမ္မထုတ်ဝေနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို CGF၊ ချောက်မြို့နယ်ပကဖ၊ Burma Revolution Rangers တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ် ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။