
ရုရှားဟာ ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကိယက်ဗ်က သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆိုခဲ့တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၂၈ ရက်က စိန့်ပီတာစဘတ်မှာကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွေရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို အလွန်တန်ဖိုးထားကြောင်းနဲ့ အပေးအယူ လုပ်ခြင်းအားဖြင့် အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ပြေလည်မှုရစေချင်ကြောင်း အာဖရိကသမဂ္ဂ (AU) ကော်မရှင်ဥက္ကဋ္ဌ မိုဆာ ဖှာကီ မာဟာမတ်ရဲ့ မှတ်ချက်တွေကို ပူတင်က တုံ့ပြန် ပြောဆိုခဲ့တာပါ။
ပြဿနာအားလုံးကို ဆွေးနွေးပွဲကနေ ဖြေရှင်းသင့်တယ်ဆိုတာကို သဘောတူပေမယ့် ပြဿနာက ယူကရိန်းဘက်က ရုရှားနဲ့ ပြောဆိုဆွေးနွေးဖို့ ငြင်းဆိုထားတာဖြစ်ပြီး ဒီပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းကတော့ ရုရှားလုံခြုံရေးကို ခြိမ်းခြောက်မှုတွေဟာ US နဲ့ NATO တို့ ဖန်တီးထားတာကြောင့်လို့လည်း ပူတင်က ပြောဆိုခဲ့တာပါ။
သူတို့ဟာ ရုရှားအပါအဝင်အားလုံးအတွက် တန်းတူညီမျှ လုံခြုံရေးအကြောင်း ပြောဆိုဖို့ကို ငြင်းဆိုထားကြောင်းနဲ့ ယူကရိန်း သို့မဟုတ် ပိုအတိအကျပြောရရင် လက်ရှိ ကိယက်ဗ်အစိုးရဟာ ဆွေးနွေးပြောဆိုဖို့ကို ငြင်းဆိုနေတာဖြစ်ပြီး ဒါကပဲ သူတို့ရဲ့ တရားဝင်ရပ်တည်ချက်လို့ ပြောထားကြောင်း၊ ရုရှားနဲ့ ဆွေးနွေးမှုမှန်သမျှကို တားမြစ်ထားတဲ့ အမိန့်ဒီကရီ တရပ်ကို ယူကရိန်းသမ္မတက လက်မှတ်ရေးထိုးထားတာကြောင့် ရုရှားဘက်ကပဲ ဆွေးနွေးမှုလုပ်လို့ မရကြောင်း၊ တဖက်နဲ့ တဖက် အပြန်အလှန် ဆွေးနွေးဖို့ လိုအပ်ကြောင်း ပူတင်ကပြောပါတယ်။
ကိယဗ်ကတော့ ရုရှားဟာ ယူကရိန်းပိုင်နက် ၅ ပုံ ၁ ပုံကို သိမ်းပိုက်ထားချိန်မှာ မော်စကိုနဲ့ ဘာကိုမှ စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘူး လို့ပြောထားတာပါ။
ရုရှားကလည်း ဘယ်ဆွေးနွေးပွဲမဆို ဒီဖြစ်ရပ်မှန်သစ်ကို ထည့်သွင်းစဉ်းစားရမယ်လို့ အကြိမ်ကြိမ် ထည့်ပြောသွားပါတယ်။
Source-Reuters










