စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ခြမ်းက ညောင်ကန်ရွာကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၈ ရက် မနက် ၈ နာရီက အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မုံရွာ နမခစစ်တပ်ကနေ ချင်းတွင်းမြစ်အတိုင်း ဇူလိုင် ၂၇ ရက်က စစ်ကြောင်းစထိုးလာပြီး တွင်းတောင်ရွာကို ဖြတ်တက်လာကာ ဒီနေ့မှာ ညောင်ကန်ရွာကို အကြောင်းမဲ့ မီးရှို့တာလို့ ဆိုပါတယ်။
ညောင်ကန်ရွာ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “အကြောင်းမဲ့ကို လှည့်သွားပြီး ရွာတွေကို မီးလိုက်ရှို့နေတာပါဗျ။ မနက်ခင်း ၆ နာရီခွဲလောက်က စိုင်ပြင်လေးရွာကို အရင် ပစ်ခတ်ပြီး ဝင်တယ်။ အဲလိုဝင်ပြီး ရွာကို မီးရှို့တယ်။ အဲဒီလို မီးရှို့လို့ ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ကြသေးတယ်။ (--) တွေဘက်က ၂ ယောက်ထက်မနည်း ကျတယ်လို့ သိထားရတယ်ဗျ။ ကိုယ့်ကာကွယ်ရေးဘက်ကတော့ ၃ ယောက် ထိခိုက်ဒဏ်ရာရတာလည်း ရှိတယ်။ အဲဒီရွာကနေ ညောင်ကန်ရွာကို ဝင်တယ်။ ရွာကို မီးရှို့နေတယ်။ PDF ရဲဘော် ၃ ဦးလည်း ပစ်သတ်ခံထားရတယ်။ စခတွေက အခုထိ ညောင်ကန်ရွာထဲက မထွက်သေးဘူး” လို့ ပြောပါတယ်။
အခုလို မြေပြင်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တို့ နှစ်ဖက် စစ်ရေးတင်းမာနေတာကြောင့် ညောင်ကန်ရွာ၊ စိုင်ပြင်လေးရွာ၊ ဖျောက်ဆိတ်ကုန်းရွာ၊ ရွာသာရွာ စတဲ့ရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းကိုလည်း စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၂၈ ရက် မနက် ၅ နာရီခွဲကစတင်ကာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ စစ်ကြောင်းရှောင်နေကြရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ် လို့လည်း ဒေသခံ ရွာသားတဦးက ပြောပါတယ်။
“အင်အား ၁၄၀ လောက်ပါတယ်။ မနေ့ညကမှ ပုလဲမြို့ပေါ်ကို ရောက်လာတဲ့ (--)တွေပါ။ ဒီနေ့မနက်ခင်းကတော့ ထပ်ပြီး စစ်ကြောင်းထပ်ထိုးတာ။ အခုထိုးနေတာက ပုလဲမြို့ရဲ့ အနောက်ဘက်တည့်တည့်ကို စစ်ကြောင်းထိုးနေတာ။ စစ်ကြောင်းသွားတဲ့ လမ်းကြောင်းပေါ်က ကျေးရွာက ဒေသခံတွေကတော့ အကုန်ထွက်ပြေးနေရတယ်။”
စစ်ကောင်စီစစ်ကြောင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကျေးရွာတွေဟာ ကျွန်းဘိုကုန်း၊ မန်ကျီးခွ၊ ရွာသာ၊ လိန်ကုန်း၊ ကံကြီး၊ မွေ့တုံ၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ နွယ်ရှောက်၊ လှော်ကား၊ အင်ကြင်းစု စတဲ့ကျေးရွာတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။