DVB Logo
Home
မြန်မာသတင်း
သထုံတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
July 28, 2023
သထုံတွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး လူ ၄ ဦးဒဏ်ရာရရှိကာ လူပေါင်း ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းရုံး ဒူးသထူခရိုင်က ဇူလိုင် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့မနက် ၄ နာရီကနေ ၈ နာရီအကြား စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီ အမှတ် ၉ စခန်းက ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထုံးဘိုလေးကျေးရွာမှာ  အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသူမှာ ထုံးဘိုလေးကျေးရွာမှ အသက် ၁၈ နှစ် အရွယ် စောအဲ့ကော့ရှီး ဖြစ်ပြီး  စောဆာထူး၊ ထို့ကော်ကျိုးကျေးရွာမှ စောဖိုးကျော်၊ စောပလေးဒေး၊ နော်အဲ့စိုး အသက် ၁၃ နှစ်တို့ ဒဏ်ရာခဲ့တာလို့ ဆိုပါတယ်။

မနက် ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဝီယော်စခန်းတို့ ပစ်ခတ်မှုဖြစ်ကြပြီးတော့ စကစအမှတ် (၉) စခန်းက မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ လက်နက်ကြီး အားလုံးပေါင်း ၄၀  ကျော် ရွာတွေထဲကို ပစ်ခတ်ခဲ့တာလို့  ကေအန်ယူ-သထုံမြို့နယ် သတင်းတာဝန်ခံဆီက သိရပါတယ်။

ဒေသခံတဦးက “မနက် ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဝီယော်စခန်းတို့ ပစ်ခတ်မှုဖြစ်ကြတယ်။ ပြီးတော့ စစ်ကောင်စီအမှတ် ၉ စခန်းကနေ မနက် ၈ နာရီနဲ့ မနက် ၉ နာရီကြားမှာ လက်နက်ကြီး အားလုံးပေါင်း ၄၁ လုံးရွာတွေထဲကို ပြန်ပစ်တာကြောင့် ရွာသား ၄ ယောက် ဒဏ်ရာရပြီး ၁ ဦး သေတယ်" လို့ ပြောပါတယ်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံတပ်တွေက ဇူလိုင် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုး လာခဲ့ပြီး အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကလည်း ရွှေရောင်ပြကျေးရွာဘက် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မရမ်းကုန်းရွာနေ ဦးဝါဆိုကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါင်ဆောင်ခဲ့သလို ဇူလိုင်  ၂၆ ရက် ကလည်း ချောင်းစောင့်ရွာသားတဦးကိုလည်း လူသားဒိုင်းအဖြစ် ထပ်မံ ဖမ်းဆီးခေါင်ဆောင်သွားခဲ့ပြီး  အခုထိ ပြန်မလွတ်လာသေးပါဘူး။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိချောင်းအိုင်၊ ခလောက်အင်း၊ မရမ်းကုန်း အစရှိတဲ့ ကျေးရွာတွေက လူပေါင်း ၁၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013