
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဂူတာရပ်ကွက်၊ မြို့တော်ခန်းမအနီးမှာရှိတဲ့ ရွှေပွင့်အိမ်ရွှေဆိုင် ဇူလိုင် ၂၇ ရက် နေ့လယ်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာမှာ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတဦးကို ညပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးရမိသူမှာ မြေပုံမြို့နယ် ကမ်းထောင်ကြီးကျေးရွာနေ ကိုလုံးထွန်းမောင်ဖြစ်ပြီး ည ၉ နာရီခွဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက “မနေ့ည ၇ နာရီမှာ လမူးမော်ရွာမှာမိတာ၊ မြေပုံမြို့မှာနေတဲ့သူ၊ ရွှေတွေလည်းပြန်ရတယ်၊ တယောက်ပဲမိတယ်၊ နောက်တယောက်ကို မမိသေးဘူး”လို့ ပြောပါတယ်။
ဓားပြတိုက်ခဲ့သူ အမျိုးသားနှစ်ယောက်ဟာ တောင်ကုတ်မြို့နယ် စတိုးဆိုင်တဆိုင်ကနေ ကော်သေနတ်တလက်ကို ဝယ်ယူကာ ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
ရွှေပွင့်အိမ်ရွှေဆိုင် ဓားပြတိုက်မှုဖြစ်စဥ်မှာ ပါသွားတဲ့ ရွှေဆွဲကြိုး ၁၀ ကုံး၊ ရွှေဘယက် ၂ ခု၊ တကျပ်သားရွှေဆွဲကြိုး ၇ ကုံး၊ ဆွဲသီး၊ ဟန်းချိန်း ၁၀ ခု၊ စုစုပေါင်း ရွှေ ၂၀ ကျပ်သားကျော် ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ ကိုလုံးထွန်းမောင်ကို တောင်ကုတ်မြို့မရဲစခန်းက စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်နေသူတဦးကို လိုက်လံရှာဖွေဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။










