
ချီလီနိုင်ငံရှိ ကျောင်းဆရာတွေဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေ ရရှိဖို့အတွက် သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဇူလိုင် ၂၆ ရက်က တနိုင်ငံလုံး ၂၄ နာရီ အစိုးရကို သပိတ်မှောက်ခဲ့ ကြပါတယ်။
ချီလီကျောင်းဆရာတွေဟာ မြို့တော် ဆန်တီယာဂိုမှာ စာသင်ခန်းတွေကနေ ထွက်လာကြပြီး နဖူးစည်းစာတမ်းတွေကို ကိုင်ဆောင်ရင်း ကြွေးကြော်သံတွေကို အော်ဟစ်ကြပြီးတော့ အဓိက လမ်းမကြီးတခုပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြကျောင်းဆရာ ရိုဒရီဂို ပီရက်ဇ်က“နောက်ထပ် အလွဲသုံးစားမှုတွေ မလုပ်ဖို့၊ ချီလီပညာရေးဟာ လူမှုအသိုင်းအဝိုင်း အားလုံးအတွက် အခွင့်ကောင်းတခု ဖြစ်ဖို့နဲ့ ကျောင်းဆရာတွေဟာ ဒီနိုင်ငံမှာ ပညာရေးကို သတ်မှတ်ပေးမယ့်သူတွေ ဖြစ်ဖို့ တောင်းဆိုနေတာ”လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ၁၉၈၁ ခုနှစ်ကတည်းက အစိုးရမှ ကျောင်းဆရာတွေဆီ ပေးဆောင်ဖို့ရှိတဲ့ ၄၃ နှစ်ကြာမြင့်နေပြီဖြစ်တဲ့သမိုင်းဝင်ကြွေးမြီတွေကို ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါဟာ ကျောင်းတွင်း အကြမ်းဖက်မှုတွေနဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက နောက်ကျနေတဲ့ အငြိမ်းစား ဆုကြေးပင်စင်ပေးဖို့ ကိစ္စတွေ ဖြေရှင်းပေးရမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။
သူတို့ တောင်းဆိုချက်တွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ဆက်တိုက် တောင်းဆိုနေတာဖြစ်ကြောင်း အမျိုးသား ဆရာများကောလိပ်က ဦးဆောင်သူ ပေါ်လီနာ ကာတယ်ဂျီနာ ဗီဒါးလ်က ပြောပါတယ်။
အလုပ်သမားတွေရဲ့ ပင်စင်လစာ နည်းပါးမှုကြောင့် အငြိမ်းစားပင်စင်ဆုကြေးကို ချက်ချင်း ပေးဖို့ တောင်းဆိုပါတယ်လို့လည်းပေါ်လီနာက ပြောပါတယ်။
ချီလီကျောင်းဆရာတွေဟာ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်တို့မှာ နောက်ထပ် ၄၈ နာရီ သပိတ်မှောက်ဦးမယ်လို့ ခန့်မှန်းရပါတယ်။
Source-Reuters










