Home
ဆောင်းပါး
သိကြားမင်းကြီး နားကင်းကြီးနဲ့ ဆင်းတားတောင် မရတော့ပါ
DVB
·
July 28, 2023

ပြည်တွင်းမှာ ဘေးကျပ် နံကျပ် တွေ့တဲ့အခါတိုင်း၊ အထိနာတဲ့အခါတိုင်း စစ်အုပ်စု ကျင့်သုံးလေ့ရှိတဲ့ မဟာဗျူဟာ နှစ်ခု ရှိပါတယ်။ ပထမတခုကတော့ သွေးခွဲသပ်လျှိုမှု၊ နောက်တခုကတော့ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြု တိုက်ခိုက်မှုတို့ပဲ ဖြစ်ပါတယ်။ ပထမတမျိုးကို အတွေးအခေါ်ပိုင်းဆိုင်ရာ မဟာဗျူဟာလို့ သတ်မှတ်နိုင်ပါတယ်။ ဒုတိယတမျိုးကိုတော့ ရုပ်ပိုင်းဆိုင်ရာလို့ သတ်မှတ်နိုင်ပါတယ်။ ဒီမဟာဗျူဟာနှစ်ရပ်ကို စစ်အုပ်စုဟာ အခုမှ ကျင့်သုံးလာတာတော့ မဟုတ်ပါဘူး။ အရင်ကတည်းက တလျှောက်လုံး ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာတွေက တကယ်လည်း သူတို့အတွက် အကျိုးရှိခဲ့ပါတယ်။ တနည်းဆိုရရင် အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ပါတယ်။ ဒီနည်းအားဖြင့် တရားမဝင် ရရှိလာတဲ့ လက်နက်အားကိုးနဲ့ ရယူထားတဲ့ နိုင်ငံတော်အာဏာကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

ပထမ မဟာဗျူဟာဖြစ်တဲ့ သွေးခွဲသပ်လျှိုမှုမှာ လူမျိုးအချင်းချင်း သွေးခွဲမှု၊ ဘာသာရေးအရ သွေးခွဲမှု၊ နိုင်ငံရေးအရ သွေးခွဲမှုဆိုပြီး အကြမ်းဖျင်း ၃ မျိုး ခွဲနိုင်ပါတယ်။

လူမျိုးအချင်းချင်းကြား သွေးခွဲမှုမှာ အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးအချင်းချင်းကြား သွေးခွဲမှု ဖြစ်ပါတယ်။ အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ စစ်အုပ်စုဟာ ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ခဲ့ပါတယ်။ ယနေ့ အညာဒေသမှာ လုပ်တဲ့အတိုင်း တိုင်းရင်းသား ဒေသတွေမှာ ကျေးရွာတွေကို စစ်ကြောင်းထိုး၊ မြေလှန်မီးရှို့၊ လုယက်သတ်ဖြတ်၊ အကြမ်းဖက် မုဒိမ်းကျင့်တာတွေ လုပ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ဘာသာရေးအဆောက်အအုံတွေ၊ အထွတ်အမြတ်နေရာတွေ၊ ယဥ်ကျေးမှု သင်္ကေတတွေကို ဖျက်ဆီးပါတယ်။

အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ လုပ်ဆောင်ရာမှာလည်း တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ငါတို့ကို ဖိနှိပ်နေတာ မြန်မာလူမျိုးတွေပါလား ဆိုပြီး အထင်အမြင်မှားစေတဲ့အထိ လုပ်ဆောင်ခဲ့ကြတာပါ။ တိုင်းရင်းသားတွေရဲ့ ရွာတွေကို စစ်အုပ်စုအဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီ ဆိုတာနဲ့ “မြန်မာတွေလာပြီ၊ မြန်မာစစ်တပ်လာပြီ” ဆိုပြီး သာမန်ပြည်သူ မြန်မာလူမျိုးနဲ့ စစ်အုပ်စုအဖွဲ့ဝင် မြန်မာလူမျိုးတွေ အတူတူပဲဆိုပြီး ထင်စေတဲ့အထိ စစ်အုပ်စုဘက်က လုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမဲ့ တခြားတဖက်မှာလည်း မြေပြန့်က မြန်မာလူမျိုးတွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေကြရပါတယ်။ ကိုယ့်လူမျိုးချင်း ဆိုပြီးလည်း ညှာတာပေးမယ် မထင်ပါနဲ့။ သူတို့ကိုဆန့်ကျင်ရင် မြန်မာလူမျိုးတွေကိုလည်း ဖိနှိပ်ဖို့ ဝန်မလေးခဲ့ကြပါဘူး။ တိုင်းရင်းသားတွေ ထင်သလို မြန်မာတိုင်းဟာ ဖိနှိပ်သူ မဟုတ်ခဲ့ရပါဘူး။ စစ်အုပ်စုကသာ ဖိနှိပ်ချုပ်ချယ်သူ ဖြစ်နေခဲ့ရတာပါ။ တိုင်းရင်းသားဒေသတွေမှာလောက် မီးရှို့၊ သတ်ဖြတ်၊ မုဒိမ်းကျင့်တာမျိုးကို မြို့ပြ (ဝါ) မြေပြန့်မှာ စစ်အုပ်စုဘက်က မလုပ်ကြပေမဲ့ တခြားသော နည်းအမျိုးမျိုးနဲ့ ရက်စက်ယုတ်မာခဲ့ကြတာပါ။ ဥပမာ- ဒီမိုကရေစီအတွက် တောင်းဆိုတဲ့ အရေးအခင်းတိုင်းမှာ ပစ်ခတ်သတ်ဖြတ်တာ၊ နိုင်ငံရေးလုပ်သူတွေကို ကာလကြာရှည် ထောင်ဒဏ်ချမှတ်တာ၊ အဲ့ဒီလို ထောင်ထဲထည့်ပြီးနောက် ထောင်တွင်းမှာ အကြမ်းဖက်မှု အမျိုးမျိုးကျူးလွန်တာ၊ နိုင်ငံရေးလုပ်သူ ကာယကံရှင်တင်မက သူ့မိသားစုဝင်တွေကိုပါ ခြိမ်းခြောက်တာ၊ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆန့်မှုမရှိအောင် တမင်ဖန်တီးလိုက်တာ စတာတွေ ဖြစ်ပါတယ်။ ဒါက နိုင်ငံရေးကို တိုက်ရိုက်လုပ်ဆောင်ကြတဲ့ မြန်မာလူမျိုးတွေ ခံခဲ့ကြရတဲ့ သာဓကအချို့ပါ။ နိုင်ငံရေးကို တိုက်ရိုက်မလုပ်ဆောင်တဲ့ မြန်မာလူမျိုးတွေမှာလည်း တနည်းမဟုတ်တနည်း စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ခံခဲ့ကြရပါတယ်။

ဥပမာ ရုံးတွေ၊ ကနားတွေမှာ စစ်အုပ်စုအလိုတော်ရိတွေကို အောက်ကျို့မှ မျက်နှာချိုသွေးမှ လုပ်ငန်းကိုင်ငန်း အဆင်ပြေတာ၊ မဟုတ်ရင် အမျိုးမျိုးရစ်ခံရ၊ ဆူဆဲ အော်ငေါက်ခံရတာ၊ လွတ်လပ်စွာ ပြောဆိုဝေဖန်လို့ မရတာ စသဖြင့် အခွင့်အရေးအမျိုးမျိုး ဆုံးရှုံးနေခဲ့ကြရတာပါ။ တိုင်းရင်းသားလူမျိုးတွေဟာ သူ့နည်းနဲ့သူ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံခဲ့ကြရသလို မြေပြန့်နေ မြန်မာလူမျိုးဆိုသူတွေဟာလည်း ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်ခံရကာ စစ်အုပ်စုပြုသမျှ နုရတဲ့ အခြေအနေကို ကျရောက်ခဲ့ရတာပါ။ စစ်အုပ်စုလက်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံရတယ်ဆိုတဲ့ အနှစ်သာရချင်းကတော့ အတူတူပါပဲ။ မြေပြန့်က မြန်မာလူမျိုးရော၊ တောင်ပေါ်ဒေသတွေက အခြားတိုင်းရင်းသား လူမျိုးတွေကပါ သူတို့အချင်းချင်းကြား ဒုက္ခတွေနဲ့ပတ်သက်ပြီး ကိုယ်စီနားလည်မှု အတန်ငယ် ဝေးခဲ့ကြရတာပါ။

အခုတော့.... ၂၀၂၁ နွေဦးတော်လှန်ရေးကြောင့် မြေပြန့်ရော တောင်ပေါ်ဒေသက တိုင်းရင်းသား လူမျိုးတွေကြား အပြန်အလှန် နားလည်မှု ရှိသွားကြပြီလို့ ယူဆနိုင်ပါတယ်။ မြေပြန့်မှာ စစ်အုပ်စုရဲ့ မြေလှန်စနစ်ကို မြန်မာလူမျိုးတွေ ခံနေကြရပါပြီ။ လေကြောင်းတိုက်ခိုက်မှုကို အညာဒေသကလူတွေ ကြုံဖူးကြပါပြီ။ စစ်ဘေးဒုက္ခသည်တွေလည်း ဖြစ်လို့နေပါပြီ။ ယခုတော့ မြန်မာလူမျိုးတွေဟာ မြန်မာလူမျိုး ပြည်သူ့ကာကွယ်ရေးတပ်တွေ အတွက်သာမက စစ်အုပ်စုကို တော်လှန်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအတွက်ပါ စေတနာသန့်သန့် အားတက်သရော ပါဝင်ထည့်ဝင် လှူဒါန်းနေကြတာကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါပြီ။ ဒါကြောင့် စစ်အုပ်စု ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ သပ်လျှိုသွေးခွဲမှု မဟာဗျူဟာထဲမှာပါတဲ့ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြား သွေးခွဲမှုဟာ ဒီနွေဦးတော်လှန်ရေးမှာ အတော်လေး အင်အားချည့်နဲ့သွားပြီလို့ ဆိုရပါမယ်။

ဒုတိယသွေးခွဲမှု အမျိုးအစားကတော့ ဘာသာရေးသွေးခွဲမှုပါပဲ။ ဘာသာခြားတွေအကြား သွေးထိုးလှုံ့ဆော်မှုတမျိုးပါ။ အထူးသဖြင့်တော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား သွေးခွဲမှုတွေကို စစ်အုပ်စုဟာ စနစ်တကျ ကြံစည်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ကြရာမှာ စစ်အုပ်စုဟာ သူတို့အလိုတော်ရိ  ဗုဒ္ဓဘာသာ ဘုန်းကြီး ရဟန်းတွေကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။ အထူးသဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ အစွန်းရောက်ဝါဒီတွေကို မြှောက်ပင့်ပေးကာ သွေးခွဲသပ်လျှိုခဲ့တာ ဖြစ်ပါတယ်။ အစွန်းရောက်တွေဟာ ဗုဒ္ဓဟောတဲ့ လူလူချင်း မေတ္တာထားဖို့၊ လူအားလုံး အတူတူပဲ ဆိုတာမျိုးတွေ ဟောပြောရမယ့်အစား အမုန်းစကားတွေ၊ အထင်အမြင် လွဲမှားစေမယ့် စကားမျိုးတွေကိုသာ ဟောပြောခဲ့ကြတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာဆို “ကုလားတွေဆို စျေးမရောင်း” ရ ဆိုပြီး လှုံ့ဆော်ထားကြသလို မွတ်စလင်တွေရောင်းတဲ့ ဆိုင်တွေမှာလည်း ဝယ်ယူအားမပေးဖို့အထိ ဟောပြောခဲ့ကြပါတယ်။ ဒါတင်မက သူတို့ရဲ့ ဘာသာရေးမှိုင်းသွင်း ဟောပြောပွဲတွေ ပြီးတဲ့နောက်မှာလည်း အစ္စလာမ်ဘာသာဝင်တွေကို ရည်ရွယ်ပြီး သီဆိုထားတဲ့ သီချင်းတွေကို ဖွင့်ပြကာ တလွဲသွေးထိုးမှုကို အရှိန်ကောင်းအောင် လှုံ့ဆော်ပေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း လူဦးရေ ၄ ဒသမ ၃ ရာခိုင်နှုန်းသာရှိတဲ့ (၂၀၁၄ သန်းခေါင်စာရင်းအရ) အစ္စလာမ်ဘာသာဝင်တွေကပဲ ဗုဒ္ဓဘာသာဝင်တွေ အများစုရှိတဲ့ (၈၇ ဒသမ ၉ ရာခိုင်နှုန်း) တိုင်းပြည်ကို အစ္စလာမ္မစ်နိုင်ငံတော်ဖြစ်အောင် လုပ်တော့မယောင်ယောင်။ ဒါကြောင့် အရိုးကို စည်းရိုးထိုးကာ ကာကွယ်ပေးကြဖို့ဆိုပြီး မဟုတ်မဟတ်စာရွက်တွေ ဖြန့်ဝေခဲ့ကြပါသေးတယ်။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာကို ကြည်ညိုကိုင်းရှိုင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကုလားမ၊ ကုလားမယားဆိုပြီး အောက်တန်းကျစွာနဲ့ ထိုးနှက်တိုက်ခိုက်ခဲ့ကြတာ မဟုတ်ပါလား။ ဒါတွေက အထက်က ဆိုခဲ့သလို အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား သွေးထိုးမှု၊ သပ်လျှိုမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။

ချင်းလို၊ ကရင်လို၊ ကချင်လို ဒေသတွေမှာလည်း ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာအကြား အထင်အမြင်လွဲမှားအောင် လုပ်ခဲ့ကြတာပါပဲ။ တောင်ပေါ်ဒေသတွေမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ဆောက်လုပ်ခွင့်မပေးတာ ဒါမှမဟုတ် ဆောက်လုပ်ဖို့ကန့်သတ်တာ၊ ခရစ်ယာန်ကျောင်းတွေကို ဖျက်ဆီးပြီး ဘုန်းကြီးကျောင်းတွေနဲ့ အစားထိုး တည်ဆောက်တာမျိုးတွေပါ။ အဲ့ဒီ ဘာသာရေး သွေးခွဲမှုတွေကြောင့် တချို့သော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဝါးအစည်းပြေသလို ဖြစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ မာနယ်ပလော ကျဆုံးရတဲ့ အကြောင်းရင်းတွေအနက် အဲ့ဒီ ဘာသာရေး သွေးခွဲသပ်လျှိုမှုတွေဟာလည်း အဓိက အကြောင်းအရင်းတခုအနေနဲ့ ပါဝင်ကြောင်းကို ကရင့်တော်လှန်ရေးခေါင်းဆောင် တချို့ကတောင် ဝန်ခံခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဟောဒီ နွေဦးတော်လှန်ရေး၊ အထူးသဖြင့် လူငယ်အများစု တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးမှာတော့ ဘာသာရေးအရ သွေးခွဲသပ်လျှိုမှုဟာ ဆေးမတိုးတော့ပါဘူး။ ကချင်ပြည်နယ်က ဆန္ဒပြပြည်သူတွေကို မပစ်ပါနဲ့ဆိုပြီး ရှေ့တန်းက မားမားမတ်မတ်ရပ်ကာ စစ်အုပ်စု အကြမ်းဖက်သမားတွေကို မေတ္တာရပ်ခံနေတဲ့ ခရစ်ယာန်မာသာကြီးရဲ့ ပုံရိပ်တွေဟာ စိတ်ထဲ၊ ရင်ထဲ စွဲထင်နေတော့မှာပါ။ ဒီလိုပဲ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးကနေ ဒေသတခုမှာ အလားတူ မေတ္တာရပ်ခံနေတဲ့ ဓာတ်ပုံတွေဟာလည်း ဘာသာရေးဟာ သွေးခွဲမှုမဟုတ် မေတ္တာဓာတ်သာဖြစ်ကြောင်း သင်ကြားပေးနေခဲ့တာပဲ မဟုတ်ပါလား။

ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့တဲ့ အထက်ဖော်ပြပါ သွေးခွဲမှုတွေဟာ ဒီနွေဦးတော်လှန်ရေးမှာ အတော်လေး အားနည်းသွားပါပြီ။ အာနိသင်ပြယ်စ ပြုနေပြီ။ စစ်မိစ္ဆာတပ်ရဲ့ မကောင်းဆိုးဝါး အောက်လမ်းနည်းတွေဟာ ဒီနွေဦးတော်လှန်ရေးရဲ့ ရဲရင့်မြင့်မြတ်ပြီး အမြော်အမြင်ရှိတဲ့ တော်လှန်ရေး ဒီရေလှိုင်းလုံးတွေကြားမှာ တဖြည်းဖြည်းနဲ့ နစ်မြုပ်စပြုနေပါပြီ။ ဒါကို စစ်အုပ်စုကိုယ်တိုင် သိလာပါတယ်။ ဒါကြောင့် စစ်အုပ်စုဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါပြီ။ အဲ့ဒီလို အတောအတွင်းမှာပဲ အကြံကုန် ဂဠုန်ဆားချက် ဆိုသလို သူတို့ရဲ့ နောက်ဆုံးသွေးခွဲမှုကြီးကို ထုတ်သုံးလိုက်တော့တာပါပဲ။

ဘာလဲဆိုရင် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တော်လှန်ရေးအင်အားစုတွေနဲ့ သွေးကွဲအောင်၊ ပြည်သူတွေကြား သို့လောသို့လောနဲ့ နဝေတိမ်တောင်ဖြစ်အောင် ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ အားလုံးသိပြီးသားပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကိုလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ကြိုတင်သတ်မှတ်ချက် မပါဘဲ ဒိုင်ယာလော့ခ်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ စသဖြင့် တဖက်သတ်သတင်းတွေ ပလူပျံတက်လာတာပါပဲ။ နိုင်ငံခြားသတင်းတရပ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က NUG နဲ့ PDF ကို မထောက်ခံကြောင်း၊ တိုင်းပြည်စီးပွားရေးကိုသာ ဦးစားပေးကြည့်ကြဖို့ ပြောကြောင်း စသဖြင့် မခိုင်လုံ၊ မသေချာတဲ့ သတင်းပလင်းတွေ ဖွနေကြတာပါ။ အဲ့ဒီလို အတင်းအဖျင်း၊ သတင်းပလင်းတွေနဲ့ စစ်အုပ်စုဟာ မြန်မာပြည်သူ အချင်းချင်းကြား၊ မြန်မာပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုပျက်ပြားအောင်၊ စိတ်ဝမ်းကွဲအောင် လုပ်လို့ရလားဆိုပြီး အသည်းအသန် ကြိုးစားခဲ့ဟန်တူပါတယ်။ အသည်းအသန်လို့ ပြောရတာကတော့ စစ်အုပ်စုဟာ အဲ့ဒီအဖြစ်အပျက်ကို စတင်ခဲ့တာဖြစ်သလို ယနေ့အချိန်ထိတိုင် အဲ့ဒီ မသေချာ၊ မခိုင်လုံ၊ တဖက်သတ် သတင်းတွေအပေါ် အခြေခံကာ ပြောဆို ဖြန့်ချိနေကြဆဲ မို့လို့ပါပဲ။ သူတို့ရဲ့ စစ်လော်ဘီ သတင်းချန်နယ်တွေကနေ မကြာခန တင်နေကြသလို၊ မြန်မာ့အလင်းလို သတင်းစာတွေထဲမှာလည်း ထည့်သွင်း ဖော်ပြနေကြပါတယ်။ ဒါတင်မက တချို့ဒေသတွေမှာဆို လက်ကမ်းစာစောင်တွေကတဆင့် ဖြန့်ဝေနေတယ်လို့ ကြားသိရပါတယ်။ အတော်လေးပဲ ပုံပျက်ပန်းပျက် ဖြစ်နေကြတာပါ။ တပ်ပျက်နေပြီဆိုတာ ဒါကိုခေါ်တာဖြစ်မှာပါ။

ပြည်သူကိုမျက်နှာမူ ပြည်သူ့အကျိုးစီးပွားအတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့သူ၊ စွန့်လွှတ်ထားသူ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကို မျက်နှာလွှဲခဲပစ်လုပ်မယ့်သူ မဟုတ်ပါဘူး။ ဒါကတကြောင်းပေါ့။ နောက်တခုက စစ်တပ်အကြောင်း နောကျေနေခဲ့သူ၊ လက်ပွန်းတတီး ထိတွေ့ဆက်ဆံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုနဲ့သာ ဆွေးနွေးချင်ရင် အာဏာမသိမ်းခင် သူ့ကို စစ်အုပ်စုလာတွေ့ကတည်းက ဆွေးနွေးခဲ့မှာပေါ့။ ယုတ်စွအဆုံး NLD အရေခြုံပြီး သူ့ကိုထောင်မှာ လာတွေ့ဆွေးနွေးခဲ့သူတွေကို လက်ခံခဲ့မှာပေါ့။ အဲ့ဒီ လူတွေကိုတောင် သူ့ဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ ပြည်သူအများ သိပြီးသားပါ။ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းတလျှောက်လုံး မကောင်းဆိုးဝါး စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ မေတ္တာရှေ့ထားပြီး အမျိုးမျိုး ပြောင်းလဲဖို့ ကြိုးစားကြည့်ခဲ့ပါပြီ။ အချိန်တန်တော့ စစ်အုပ်စုဟာ ကျွဲပါးစောင်းတီး ဖြစ်နေကြောင်း၊ ပြင်လို့မရ၊ ချေချွတ်လို့မရတော့တဲ့ အမိုက်သားတွေဖြစ်ကြောင်း သိလိုက်ရတဲ့ အချိန်မှာတော့ သူကိုယ်တိုင် အဖမ်းခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှန်တကယ် မဆွေးနွေးချင်တဲ့၊ လက်နက်နဲ့သာ ဖြေရှင်းချင်တဲ့ စစ်ဝါဒီတွေကို ဘယ်လိုနည်းနဲ့မှ ဆွေးနွေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုခေါင်းဆောင်နဲ့ ပြည်သူတွေအကြား၊ လူထုခေါင်းဆောင်နဲ့ တော်လှန်ရေးအင်အားစုအကြား စစ်အုပ်စုရဲ့ သွေးခွဲမှုဟာ သိပ်ပြီး ထူးခြားလှမယ် မထင်ပါဘူး။ နောက်တချက်ကတော့ လက်ရှိ တော်လှန်ရေး အခြေအနေဟာလည်း သိကြားမင်း နားကင်းကြီးနဲ့ ဆင်းလာတားတောင် မရတော့မယ့် အထွတ်အထိပ်ကို ရောက်နေပါပြီ။

စစ်အုပ်စုဟာ ပြည်တွင်းမှာ ဘေးကျပ်နံကျပ် တွေ့တဲ့အခါတိုင်း၊ အထိနာတဲ့အခါတိုင်း စစ်အုပ်စုကျင့်သုံးလေ့ရှိတဲ့ နည်းဗျူဟာ နှစ်ခု ရှိပါတယ်။ သွေးခွဲသပ်လျှိုမှု၊ နောက်တခုကတော့ လက်နက်ကြီးနဲ့ လေကြောင်းကို အသုံးပြု တိုက်ခိုက်မှုတို့ပဲ ဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့၊ တုံ့ပြန်ဖို့၊ ခံနိုင်ရည်ရှိဖို့ ပြင်ဆင်လုပ်ဆောင်ကြရသလိုပဲ သွေးခွဲမှုအမျိုးမျိုးကိုလည်း ပြည်သူတွေ မခံကြရဖို့ လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း သွေးခွဲမှုတွေကို မမှုတော့ဘဲ ခံနိုင်ရည်ရှိလာပြီလို့ ယုံကြည်ပါတယ်။

စစ်တပ်ဟာ နိုင်ငံရေးကနေ အပြီးတိုင် စွန့်ခွာမသွားသရွေ့

အာဏာရှင်စနစ် ချုပ်ငြိမ်းမသွားသရွေ့

ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စု မပေါ်ပေါက်သရွေ့

နွေဦးတော်လှန်ရေးဟာ ရပ်တန့်သွားမှာမဟုတ်ကြောင်း ပြည်သူအားလုံးအနေနဲ့ ယုံကြည်ထားဖို့ လိုပါတယ်။ ခံယူပိုင်းဖြတ်ထားဖို့ လိုပါတယ်။

 ဒါဆိုရင်တော့ စစ်အုပ်စု ဘယ်‌လိုခွဲခွဲ တို့မကွဲတော့ပါဘူး။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024