
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နဲ့ အနီးတဝိုက်ရွာတွေမှာ ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပစ်ခတ်မှု ၃ နေရာရှိခဲ့ပြီး လားရှိုးမြို့တွင်းမြို့ပြင် စစ်ဆေးတာတွေရှိနေတဲ့အတွက် ပစ်ခတ်ထိတွေ့မှုရှိတဲ့ ရွာတွေက ပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
“နမ္မတူလမ်းပေါ်က အီနိုင်းရွာမှာ မနက် ၁၀ နာရီဝန်းကျင်မှာ ပစ်ခတ်သံတွေကြားရပြီး ဂျက်ဖိုက်တာ ၂ စီးလည်း တက်လာတော့ ကျောင်းတွေလည်းပိတ်လိုက်ရတယ်။ စံခိုက်ရွာဘက်ရော၊ ခေးနင်းရွာဘက်ရောဆို ၃ နေရာ ထိတွေ့မှုရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အီနိုင်းရွာဘက် အရင်ဖြစ်တာမို့ ကျောင်းတွေပိတ်လိုက်ရသလို တောင်ယာလယ်လုပ် သွားသူတွေလည်း ရွာထဲကို အပြေးပြန်ခဲ့ရတယ်လို့ သိရပါတယ်။
လားရှိုးဒေသခံတဦးက “မနက်ကတည်းက ဖုန်းဆက်တာ ညနေလောက်မှ ရတယ်။ လူတွေကတော့ ဘယ်အဖွဲ့နဲ့မှ မတွေ့အောင် ပုန်းခို ပြေးလွှားရတာပေါ့။ ၃ နေရာ ထိတွေ့မှုဖြစ်တော့ လားရှိုးထဲမှာလည်း အစစ်အဆေးများနေတာ၊ ညနေစောင်းမှ နည်းနည်းငြိမ်သွားတယ်။ ဘယ်အဖွဲ့တွေရှိမလဲ။ သိတယ်လေ။ မျက်မြင်မဟုတ်တော့ မပြောချင်ကြတာ” လို့ ပြောပါတယ်။
အီနိုင်းရွာက နမ္မတူလမ်းပေါ် လားရှိုးနဲ့ ၁၂ မိုင်လောက်ဝေးပြီး စံခိုက်ရွာက လားရှိုးနဲ့ ၁၆ မိုင်၊ ခေးနင်းက မိုင် ၃၀ လောက်ဝေးတယ်။ ဂျက်ဖိုက်တာတွေ ဝဲနေတာ၊ ကြဲချသံတော့ မကြားရဘူးလို့လည်း ဆိုပါတယ်။
ကွတ်ခိုင်ဘက်က ဆင်းလာတဲ့ ခရီးသည်တဦးက “ကွတ်ခိုင်ဘက်ကနေ ဆင်းခဲ့တာတော့ ဒီနေ့ အေးအေးဆေးဆေးပါပဲ။ မူးယစ်အဖွဲ့တွေနဲ့ပဲ တွေ့တယ်။ သူတို့ကတော့ စခန်းမထိုင်ဘူး။ နေရာပြောင်းတယ်” လို့ ပြောပါတယ်။
အီနိုင်းတဝိုက်ကတော့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားတဲ့ဒေသလည်း ဖြစ်ပါတယ်။










