DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာမည်ဟု စစ်‌ခေါင်းဆောင် စိတ်ကူးယဉ်
DVB
·
July 27, 2023
ပြည်တွင်းစီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာမည်ဟု စစ်‌ခေါင်းဆောင် စိတ်ကူးယဉ်
Donate to DVB

ငွေကြေးဖောင်းပွမှု၊ ‌ငွေတန်ဖိုးကျဆင်းမှု၊ ပို့ကုန်လျော့ကျမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်ရောက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးပြီး အိမ်ထောင်စုဝင်ငွေတွေ လျော့နည်းမှု စတဲ့ စိန်ခေါ်မှုများစွာ နဲ့ ပြည်တွင်းစီးပွားရေးကဏ္ဍ ရင်ဆိုင်နေရပေမဲ့ စစ်ခေါင်းဆောင်ကတော့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်မှာ မြန်မာ့စီးပွားရေး ၄ ရာခိုင်နှုန်း တိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ဇူလိုင် ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ဇူလိုင် ၂၆ ရက်က ပြုလုပ်တဲ့ စီးပွားရေးရာကော်မတီ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။

မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ စီးပွားရေး ကျဆင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာလည်း ၄ ရာခိုင်နှုန်း တိုးတက်ဖို့ မျှော်မှန်းထားကြောင်း သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်ရှိဆောင်ရွက်နေတဲ့ ကုန်ထုတ်လုပ်မှု‌တွေကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ပါက မျှော်မှန်းထားတာထက် ထပ်မံ တိုးတက်လာနိုင်မယ်လို့လည်း စစ်‌ခေါင်းဆောင်က ဆိုပါတယ်။

ဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က နိုင်ငံ့စီးပွား တိုးတက်ရေးအတွက် ထုတ်ကုန်တွေ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပေမဲ့ စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်ရေး ကိန်းဂဏန်းတွေကတော့ သူ့စကားနဲ့ ဆန့်ကျင်ဘက်ကို ပြသနေပါတယ်။

ပို့ကုန်ဝင်ငွေရရှိမှုဟာ လယ်ယာကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၃၂ သန်း၊ စက်မှုကုန်ချော တင်ပို့မှုဟာ သန်း ၅၅၀ ကျော် မနှစ်ကထက် လျော့ကျနေပြီး ကျန်ကဏ္ဍတွေမှာလည်း အသီးသီးလျော့ကျနေတာ တွေ့ရပါတယ်။ အဲဒီလို လျော့ကျနေတဲ့အချိန်မှာ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ထိုးနှက်ချက်တခုအဖြစ် ရှိနေတာကတော့ ပို့ကုန်ရငွေတွေရဲ့ ထက်ဝက်ကို ဗဟိုဘဏ်သတ်မှတ်နှုန်း တဒေါ်လာ ၂,၁၀၀ နှုန်းနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းနေတဲ့ကိစ္စ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး‌နောက် နှစ်ဆလောက် မြင့်တက်လာတဲ့ ရွှေ၊ နိုင်ငံခြားငွေဈေးနှုန်းနဲ့ အထွေထွေကုန်ဈေးနှုန်းတွေကလည်း ပြည်တွင်းငွေကြေးဖောင်းပွမှုကို မီးမောင်းထိုးပြနေပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့် အကဲဖြတ်နေသူတွေကတော့ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု၊ တိုင်းပြည်ရဲ့ GDP ကျဆင်းမှုနဲ့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် လူထုရဲ့ ယုံကြည်မှုကျဆင်းပြီး ပြည်တွင်းငွေကြေး ဖောင်းပွမှုကလည်း အနည်းဆုံး နှစ်ဆလောက်ထိ မြင့်တက်လာခဲ့ပြီး အခုလို ကြီးမားတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့ ကြေညာချက်‌ ဂယက်ကြောင့် ငွေကြေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးတွေ ထပ်မံမြင့်တက်လာတာနဲ့အတူ ရွှေဈေး၊ အိမ်ခြံမြေ၊ ကား၊ စက်သုံးဆီဈေး၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေ၊ ဆေးဝါး‌ဈေးတွေပါ ထပ်မံ လိုက်ပါမြင့်တက်လာခဲ့ပါတယ်။

စီးပွားရေး လေ့လာသုံးသပ်သူတဦးက “ငွေကြေးအပေါ် မယုံကြည်မှု၊ ဘဏ်စနစ်အပေါ် မယုံကြည်မှု ဒီကနေပြီး လူတွေက ရှိတဲ့ငွေကို ဘဏ်လည်းမအပ်ရဲဘူး၊ ဘာလုပ်ရမှန်းမသိဘဲ ရွှေ၊ ‌ဒေါ်လာဝယ်တဲ့သူကဝယ်၊ အိမ်ခြံမြေ၊ ကား ဝယ်ပေါ့။ ရှိတဲ့လူတန်းစားကလည်း ဒုက္ခရောက်။ မရှိတဲ့ လူတန်းစားကလည်း မရှိသလို ဒုက္ခရောက်နေကြတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာလည်း အနုတ်လက္ခဏာပြနေပြီး အာဏာသိမ်း ၂ နှစ်ကျော် အတွင်း ရခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အရင်တနှစ်စာ ဝင်ခဲ့တဲ့ပမာဏထက် နည်းခဲ့ပါတယ်။

အာဏာသိမ်းမှုအလွန် ဝင်ရောက်ခဲ့တဲ့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်ရှိပြီး အာဏာမသိမ်းခင်ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့တယ်လို့ ISP- Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ နိုင်ငံ့စီးပွားရေး အထိုက်အလျောက် တိုးတက်နေပြီး ထပ်မံ တိုးတက်နိုင်မယ်လို့ ယုံကြည်ကြောင်း အဲဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013