အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူးရပ်ကွက်က ဒေသခံ သားအမိသုံးဦးရဲ့ နေအိမ်ကို လက်နက်ကိုင်လူတစုက ဝင်ရောက်ပြီး သေနတ်တွေနဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက် ည ၁၀ နာရီဝန်းကျင်က စန္ဒကူး ၁-ခ ရပ်ကွက်နေ ဒေါ်အေးရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ပစ်သတ်သွားတာလို့ ဆိုပါတယ်။
တမူးမြို့ခံတဦးက “သတင်းကတော့ ကြားတယ်ဗျ။ ဘယ်အဖွဲ့အစည်းလဲ ဆိုတာတော့ သေချာမသိရဘူး။ လက်နက်ကိုင် လူ ၇ ယောက် ဝင်သတ်တာလို့ပဲ ကြားတယ်။ သေဆုံးတဲ့သူတွေကလည်း ကျည်ထိမှန်ဒဏ်ရာတွေရပြီး သေဆုံးနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကိုင်လူတစုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အိမ်ရှင် ဒေါ်အေး အသက် ၄၈ နှစ်၊ သားဖြစ်သူ မောင်ပြည့်လျှန် ၁၆ နှစ်နဲ့ သမီးဖြစ်သူ မငြိမ်းငြိမ်း ၂၁ နှစ်တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မိသားစုကို ပစ်ခတ်သတ်ဖြတ်သူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး မိသားစုဝင်တွေဟာ PDF ကို ထောက်ပို့လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်သတ်သွားတာလို့ တမူး PDF ဘက်က ပြောထားပါတယ်။
တမူး PDF တာဝန်ရှိသူတဦးက “တမူးမြို့ပေါ်က ပျူတွေပဲ ကြီးစိုးနေတာပါ။ သူတို့တွေဘက်က ပစ်သတ်တာပါ။ မနှစ်ကလည်း သူတို့ဘက်ကတ္တားလှဲတဲ့ ကိုရာဂျားကို ဓားပြတိုက်ပြီး ပစ်သတ်ခဲ့သေးတယ်။ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့ဘက်က လုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒေါ်အေးတို့မိသားစုကို ပစ်သတ်သူတွေဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေလို့ ပြောပေမဲ့ ဒီဗွီဘီအနေနဲ့လည်း အတည်မပြုနိုင်သေးပါဘူး။
ဓာတ်ပုံ - Just you tamu