
ပါလက်စတိုင်း သေနတ်သမားလို့ သံသယရှိသူက အစ္စရေးအမျိုးသားတယောက်ကို အသေပစ်သတ်ခဲ့ပြီး နောက်တရက်အကြာ စက်တင်ဘာ ၂၁ ရက်မှာ အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်း ဒေသက ဘစ်ဒူ ရွာကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဒီနောက် စစ်တပ်ကို ကားနဲ့ဝင်တိုက်ဖို့ ကြိုးစားခဲ့သူလို့ ဆိုတဲ့ ပါလက်စတိုင်း ယာဉ်မောင်းတယောက်ကိုလည်း အစ္စရေး စစ်သားတွေက ပစ်သတ်ခဲ့ပါတယ်။
ရာမာလာမြို့ အနီးက နီဗီဆူ့ဖ် အခြေချနေထိုင်ရာ ဒေသအနီးရှိ စမ်းရေတွင်းတခုအနားမှာ စုဝေးနေကြတဲ့ အစ္စရေးတွေဆီကို သေနတ်သမားက သူ့ရဲ့ ကားပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ အစ္စရေး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို ရောက်ရှိလာတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကားတစီးထဲမှာ သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိထားတဲ့ အမျိုးသားတယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးရုံကို ရောက်တဲ့အခါ သူ သေဆုံးသွားပြီလို့ ကြေညာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ နာရီအနည်းငယ်အကြာမှာ ရာမာလာမြို့ရှိ ဆေးရုံတရုံမှာ သေနတ်သမားကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဖြစ်ရပ်တွေ အပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က လုံခြုံရေးအေဂျင်စီတွေကို တပ်ဖွဲ့တွေ အင်အားဖြည့်တင်းဖို့၊ အဲဒီဒေသမှာ ဖမ်းဆီးမှုတွေနဲ့ တိုက်ခိုက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကြောင်း ပြောပါတယ်။
ပါလက်စတိုင်း သူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကတော့ ပစ်ခတ်တိုက်ခိုက်မှုကို ချီးကျူးခဲ့ပေမဲ့ သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုနဲ့ ဂါဇာဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန် စစ်ရေးထိုးစစ်တွေ နောက်ပိုင်းမှာ အနောက်ဘက်ကမ်း ဒေသအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
အနောက်ဘက်ကမ်းဒေသရဲ့ အကြမ်းဖက်မှုတွေမှာ စစ်သွေးကြွ အခြေချနေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာတာ၊ အစ္စရေးစစ်တပ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်စီးနင်းမှုတွေနဲ့ ပါလက်စတိုင်းတွေရဲ့ အစ္စရေးတွေအပေါ် တိုက်ခိုက်မှုတွေ ပါဝင်နေပါတယ်။
Source: Reuters











